ဦးကိုနီ အသတ်ခံရမှု သတင်းစာရှင်းမယ်

rgn

ဓာတ်ပုံ ရင်းမြစ်, NYEIN CHAN NAING

ဓာတ်ပုံ ပုံစာ,

ယာဉ်မောင်း ဦးနေဝင်းရဲ့ ကျန်ရစ်သူ ဇနီး

NLD ဥပဒေအကျိုးဆောင်အဖွဲ့ဝင် ဦးကိုနီ အသတ်ခံရမှုမှာ ပါဝင်သူ သုံးယောက် ဖမ်းမိထားတာနဲ့ ပတ်သက်ပြီး စနေနေ့မှာ ရန်ကုန်မြို့ ဟံသာဝတီအဝိုင်း အနားက မူးယစ်ဆေးဝါးပြတိုက်မှာ အစိုးရ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။

ဒါဟာ သတ်ဖြတ်မှု ဖြစ်ပြီး တလ အတွင်း ပထမဆုံး လုပ်တဲ့ သတင်းစာ ရှင်းပွဲ ဖြစ်ပါတယ်။

လောလောဆယ် ဒီအမှုနဲ့ ဖမ်းထားသူတွေကတော့ ကျူးလွန်သူ တရားခံ ကြည်လင်း အပါအဝင် စစ်အရာရှိဟောင်း အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ ဖြစ်ပါတယ်။

ရှေ့နေဦးကိုနီအမှုနဲ့ ဆက်စပ်တရားခံ (၂)ဦးကို အခုလ (၁၀)ရက် နဲ့ (၁၁)ရက်နေ့မှာ ရဲတပ်ဖွဲ့ကနေ ထပ်မံ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ အမှုဖြစ်ခဲ့တာ တလနီးပါးအကြာမှာ အမှုနဲ့ ဆက်စပ်တဲ့ တရားခံ (၃)ဦးကို ဖြစ်တဲ့ သေနတ်သမားကြည်လင်း အပါအဝင် ခိုင်းစေသူ (၂) ဦး ဖြစ်တဲ့ ဦးအောင်ဝင်းဇော်နဲ့ ဦးဇေယျာဖြိုး တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိကြီးတဦးက ဘီဘီစီကို ပြောပါတယ်။ ခိုင်းစေသူ (၂)ဦးလုံးဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူတွေ ဖြစ်တယ်ဆိုပြီးတော့ အဲ့ဒီရဲအရာရှိကြီးက ပြောပါတယ်။

တခါ တာမွေမြို့နယ်မှာ ထပ်မံဖမ်းဆီးခဲ့တဲ့ ဦးဇေယျာဖြိုးဟာ စစ်ထောက်လှမ်းရေး အကူတပ်ရင်းမှာ ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ခုတော့ အဲ့ဒီက နှုတ်ထွက်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူဟာ အနေအေးဆေးသူ ဖြစ်ပြီး အဖမ်းမခံရခင် ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက်မှာ တပတ်ကြာ သင်္ကန်းစည်းမယ်လို့ ပြောထားပေမယ့် ကိစ္စရှိလို့ (၃)ရက်ကြာပဲ သင်္ကန်းစည်းခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။ သူဟာ နှစ်စဉ် (၉)နှစ်ဆက်တိုက်လောက် အဲ့ဒီကျောင်းမှာ သင်္ကန်းစည်းပြီး တရားအားထုတ်လေ့ရှိသူ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ လုပ်ရင်း ဦးအောင်ဝင်းခိုင်နဲ့ ရင်းနှီးပြီး အမှုမှာ ဆက်စပ်ပါဝင်တာ ဖြစ်နိုင်တယ်ဆိုပြီးတော့လည်း ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

ဦးဇေယျာဖြိုးလိုပဲ ဖမ်းဆီး ခဲ့တဲ့ ဦးတင်ထွန်းအောင်ကတော့ အစပိုင်းမှာ ရဲတွေက ခေါ်စစ်ပေမယ့် နောက်တော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ရှေ့နေ ဦးကိုနီ အမှုမှာ ဖမ်းဆီးစစ်ဆေးခံနေရသူတွေဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ဒါပေမယ့် သူတို့တွေကို ငွေပေးစေခိုင်းခဲ့တဲ့ ဦးအောင်ဝင်းခိုင်ကိုတော့ အခုထိ ဖမ်းမမိသေးဘူးလို့ ရဲအရာရှိကြီးက ဘီဘီစီကို ပြောပါတယ်။ ဦးအောင်ဝင်းခိုင်ဟာ အခုအဖမ်းခံထားရတဲ့ ဦးအောင်ဝင်းဇော်ရဲ့ ညီဖြစ်ပြီး သူဟာ စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီးဟောင်း အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး နုတ်ထွက်ထားသူလည်း ဖြစ်ပါတယ်။

ရှေ့နေဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရမှုမှာ ထုတ်ပြန်မှုတွေ လုပ်နေတာ နှောင့်နှေးနေတာကို ကန့်ကွက်နေကြပြီး အခု အမှုနဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်မယ်လို့ သိရပါတယ်။