အရပ်ဘက် ညီလာခံ နေပြည်တော်မှာ စကျင်းပ

ကချင်လူထု အစည်းအဝေးခန်းမ ဝိုင်းခံရ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ကချင်လူထု အစည်းအဝေးခန်းမ ဝိုင်းခံရ

လူထုအသံတွေကို ကိုယ်စားပြုတဲ့ ပထမအကြိမ်အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ဖိုရမ်ကိုဒီကနေ့ နေပြည်တော် မှာ စတင်ကျင်းပခဲ့ပါတယ်။

ပြည်နယ်နဲ့ တိုင်း တစ်ခုစီကို အယောက် ၃၀ လို့ ကန့်သတ်ထားတဲ့အတွက် ကိုယ်စားလှယ် ပါဝင်ခွင့်နည်းတဲ့ ပအိုဝ်းတွေဖက်ကလည်း ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

အရပ်ဘက် အဖွဲ့အစည်းတွေ ညီလာခံမှာ စစ်ပြေး ဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေး သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာကိစ္စနဲ့ ဖက်ဒရယ် စီးပွါးရေး ကိစ္စတို့ကိုသာ အစိုးရကဆွေးနွေးခွင့် ပြုထားတာပါ။

ဒါပေမဲ့ ဒီကနေ့ စတင်တဲ့ညီလာခံမှာတော့ လူမှုရေး ကိစ္စတွေအပြင် ပြည်နယ်တိုင်း အသီးသီးက တင်ပြတဲ့ ဆွေးနွေးချက်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စ ပါဝင်လာတယ်လို့ ပဲခူးတိုင်း ဒေသကြီး ကိုယ်စားလှယ် ကိုသိန်းမင်းစိုးကပြောပြပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အရပ်ဘက် ကိုယ်စားလှယ်တွေကိုယ်စား တက်ရောက်လာတဲ့သူ တွေဟာလဲ လတ်တလော သူတို့ ဒေသမှာဖြစ်နေတဲ့ ကိစ္စတွေကို ဒီဖိုရမ်မှာ တင်ပြခဲ့ပါတယ်။

ကချင်တိုင်းရင်းသား ကိုယ်စားလှယ် တင်ပြတဲ့အထဲမှာ တိုက်ပွဲကိစ္စတွေ ပါတဲ့အတွက် အဲဒီကိစ္စ မဆွေးနွေးဖို့ တပ်မတော်သား ကိုယ်စားလှယ် တဦးက သက်ဆိုင်ရာကို ပြောဆိုတာတွေ ရှိခဲ့ပေယ့် နောက်ပိုင်းမှာတော့ အဆင်ပြေ သွားခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးတဲ့ အချက်အလက်တွေကို မနက်ဖန်မှာ ပြန်လည်စုစည်းဖို့ ခေါင်းဆောင်တွေချည်းပဲ ဆွေးနွေးဖို့ရှိပါတယ်။ အဲဒီလိုဆွေးနွေးပြီးလို့ သဘောတူညီချက် ရရှိတဲ့ အချက်အလက်တွေကို လက်ရှိ ပြဋ္ဌာန်း ထားတဲ့ လုပ်ထုံး လုပ်နည်းတွေအရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ( UPDJC ) ကိုတင်သွင်းပြီး UPDJC ကတဆင့် ၂၁ ရာစု ပင်လုံညီလာခံကို တင်ပြမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အရပ်ဘက် အဖွဲ့အစည်းကခေါင်းဆောင်တွေကတော့ ဒီညီလာခံက ရရှိတဲ့ အချက်အလက်တွေကို သူတို ကိုယ်တိုင် ၂၁ ရာစု ပင်လုံညီလာခံမှာတင်သွင်းခွင့် ရအောင် ဆက်လက် တောင်းဆိုမှုတွေ လုပ်ဆောင် သွားမယ်လို့ ခေါင်းဆောင်တွေကပြောပါတယ်။