မက္ကဆီကို တံတိုင်း ထရမ့် ပိုစော ဆောက်မယ်

အမေရိကန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အမေရိကန် နဲ့ မက္ကဆီကို နယ်စပ် က တံတိုင်း တနေရာ

သမ္မတ ထရမ့် က ကွန်ဆာဗေးတစ် နိုင်ငံရေး လှုပ်ရှားမှု အစီအစဉ် များဆိုတဲ့ နှစ်ပတ်လည်ညီလာခံမှာ မိန့်ခွန်း ပြောကြားခဲ့ပြီး အမေရိကန် စစ်တပ်ကို အင်အား အကြီးဆုံး ဖြစ်အောင်တည်ဆောက်ချင်တယ်လို့ ဆိုခဲ့ပါတယ်။

မေရီလန်းမှာ လုပ်ခဲ့တဲ့ အဲဒီအခမ်းအနားမှာ သမ္မတ ထရမ့်က သူ့အလုပ်က ကမ္ဘာကြီးကို ဦးဆောင်ဖို့ မဟုတ်ဘူး လို့ သူမြင်ထားတဲ့အကြောင်း နဲ့ သူ့ အလုပ်က အမေရိကန် ကိုပဲ ပထမ ဦးစားပေး လုပ်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတို့၊ တခြားနိုင်ငံတွေနဲ့ ဆက်ဆံဆောင်ရွက် ပြီး အပေးအယူ လုပ်ရတာတို့ တခြားနိုင်ငံတွေနဲ့ အဆင်ပြေပြေနေရတာတို့ ဆိုတာတွေက အရေးကြီးတယ် ဆိုပေမယ့် သူ့မှာ ကမ္ဘာလုံးဆိုင်ရာ သီချင်းတို့၊ ကမ္ဘာ့ငွေကြေးတို့၊ ကမ္ဘာ့အလံ တို့ မရှိဘဲ အမေရိကန် ကိုပဲ သူက ကိုယ်စားပြုတာလို့ ဆိုပါတယ်။

အခုလို သူက ကမ္ဘာ့ခေါင်းဆောင်ကြီးမလုပ်ဘူး ဆိုပေမယ့်လည်း အမေရိကန် သမိုင်းမှာ အကြီးဆုံး စစ်ရေး အင်အား တွေ ထဲက တခု ဖြစ်အောင်လုပ်မယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၈နှစ်တာ ကာလ ဒီမိုကရက်တစ်ပါတီ အစိုးရ လက်ထက်မှာ နိုင်ငံအကြွေးက ၂ ဆ ဖြစ်လာခဲ့ပြီး ပမာဏ အားဖြင့် ထရီလီယံ ၂၀ ထိ ဖြစ်လာပြီ လို့ ဆိုပါတယ်။

သူ့အနေနဲ့ အရှုတ်ထုပ်ကို အမွေခံထားရတဲ့ အနေအထားမှာ သူ့ပါတီ အတွက် အနာဂတ် ဖြောင့်ဖြူးမယ့်လမ်းကို ဖော်ဆောင် ပေးမှာဖြစ်သလို အမေရိကန် ပြည်သူတွေ သာ ပထမ ဆိုတာ ကိုလည်း ထပ်ခါ ထပ်ခါ ကတိပြုသွားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်တွေ ရဲ့ အလုပ်တွေ ကို တခြား နိုင်ငံက လူတွေ လာမလု အောင် မက္ကဆီကို ဘက်မှာတံတိုင်းကာမယ်ဆိုတဲ့ ကိစ္စကိုလည်း အရင် ကတိပြုထားတဲ့အချိန်ထက်ကို ပိုစောပြီး ဆောက်ဦးမှာ လို့ ဆိုသွားခဲ့ပါတယ်။