UNFC တရုတ် အစိုးရ ကိုယ်စားလှယ် ပထမဆုံး တွေ့

ဓာတ်ပုံ ရင်းမြစ်, Esther Htusan
တရုတ်နယ်စပ် တိုက်ပွဲတွေကြောင့် နှစ်ဘက်စလုံး ရိုက်ခတ်မှုတွေရှိ
အစိုးရနဲ့ အပစ်ရပ်စဲရေး လက်မှတ် မထိုးရသေးတဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ခေါင်းဆောင်တွေနဲ့ တရုတ် အစိုးရ ကိုယ်စားလှယ် အာရှ ညွှန်ကြားရေးမှူး မစ္စတာ စုန့်ကောရှမ်းတို့ ထိုင်းနိုင်ငံ ဇင်းမယ် မြို့မှာ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြပါတယ်။
ဒီပွဲကို မွန်ပြည်သစ် ပါတီက နိုင်ဟံသာနဲ့ ကေအိုင်အိုက ဗိုလ်ချုပ် ဂွမ်မော်၊ KNPP က ခူဦးရယ်တို့လည်း တက်ရောက်ခဲ့ပါတယ်။
ဒီလို တွေ့ဆုံခဲ့ကြရာမှာ မြန်မာ့ ငြိမ်းချမ်းရေးအတွက် တရုတ်ဘက်က ကူညီလိုကြောင်း ကမ်းလှမ်း ဆွေးနွေးခဲ့တယ်လို့ ဒီအစည်းအဝေးကို တက်ခဲ့တဲ့ UNFC တွဲဘက် အတွင်းရေးမှူးနဲ့ ရခိုင်ပြည် အမျိုးသား ကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောပါတယ်။
ဝနယ် ပန်ခမ်းမှာ မကြာခင်က ကျင်းပခဲ့တဲ့ အပစ်မရပ် အဖွဲ့တွေရဲ့ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသလဲ ဆိုတာကို တရုတ်ဘက်က UNFC ဘက်ကို မေးမြန်းခဲ့တယ်လို့လည်း သိရပါတယ် ။
အားလုံး တန်းတူ ဆွေးနွေးမှု ဖြစ်ဖို့ တရုတ်က လိုလားပြီး တရုတ်နဲ့ ကုလ သမဂ္ဂ ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေး ညှိနှိုင်းရာမှာ ဆက်လက် ပါဝင်ဖို့လည်း UNFC ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ပါတယ်။
အပစ်ရပ် စာချုပ် လက်မှတ် ထိုးရေး မထိုးရေး ကိစ္စမှာတော့ ကာယကံရှင်တွေ သဘောအတိုင်း ဆုံးဖြတ်ပါလို့လည်း တရုတ်ဘက်က ပြောကြား ခဲ့ပါတယ်။