ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့ဖို့ တောင်းဆို

ရခိုင်
ဓာတ်ပုံ ပုံစာ,

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင် ဒါမှမဟုတ် အလားတူ နည်လမ်းတခုနဲ့ စုံစမ်းဖို့ Human Right Watch နဲ့ FIDH (International Federation for Human Rights) ၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ အပါအဝင် လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့ ၁၃ ခုက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို စာရေးသား တောင်းဆိုခဲ့ပါတယ်။

ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပါတ်လည် အစည်းအဝေးမှာ တင်ပြခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီးက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် COI ခေါ် ကုလသမဂ္ဂရဲ့ အမြင့်ဆုံး အဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် ဖွဲ့စည်းပေးဖို့ တိုက်တွန်းနေချိန်မှာ အခုလို လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာအစိုးရ နဲ့ တပ်မတော်ဟာ ရခိုင်မြောက်ပိုင်းက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အလေးအနက်ထား စုံစမ်း စစ်ဆေးတာတွေ မရှိဘူးဆိုတာ အထင်အရှားတွေ့နေရပြီး လုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာတွေ အပေါ် ရက်စက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ယူဆရတယ်လို့ Human Right Watch ရဲ့ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

ဒါ့အပြင် အစိုးရက ဖွဲ့ထားတဲ့ စုံစမ်းရေးကော်မရှင်တွေဟာလည်း ယုံကြည်စိတ်ချနိုင်တဲ့ ကော်မရှင်တွေ မဟုတ်လို့ နိုင်ငံတကာကော်မရှင်တရပ်နဲ့ စုံစမ်းစစ်ဆေးရေးဖို့ အချိန်ရောက်ပြီလို့ ယူဆကြောင်း နဲ့ ဒါကြောင့် ကုလသမဂ္ဂက သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်သူတွေနဲ့ ကော်မရှင်ဖွဲ့ ပြီး ရခိုင်မှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုရတာလို့ သူက ဆိုပါတယ်။

ကော်မရှင်တရပ်ဖွဲ့စည်းဖို့ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက်ထဲမှာ ပါလာရင် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ဖွဲ့နိုင်ပြီး ဘက်မလိုက်တဲ့ သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အခု လုပ်နေတဲ့ အစည်းအဝေး အပြီးမှာ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။