YBS အတွက် ကားသစ် ၁၀၀၀ အစိုးရ ဝယ်ယူ

YBS စနစ်မှာ လိုအပ်ချက်တွေ ရှိနေ
ရန်ကုန်မှာ ပြောင်းလဲ ပြေးဆွဲခဲ့တဲ့ YBS ဘတ်စ်ကား စနစ်အတွက် ကားစီးရေ တစ်ထောင် ကို တရုတ်နိုင်ငံကနေ ဝယ်ယူဖို့ ပြီးခဲ့တဲ့ အင်္ဂါနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကပဲ စာချုပ် ချုပ်ဆိုလိုက် ပါတယ်။
တင်ဒါခေါ်ယူခြင်း မရှိဘဲအစိုးရ အချင်းချင်း သဘောတူညီချက်နဲ့ ဝယ်ယူတဲ့ ဒီကားတွေက နှစ်လ အတွင်း ရောက်လာမယ်လို့ ဆိုပါတယ်။
ဒီဘတ်စ်ကားတွေက အစိုးရ ဘတ်ဂျက်နဲ့ ပထမဆုံး ဝယ်ယူတင်သွင်းတာ ဖြစ်ပြီး လက်ရှိ ကားဟောင်းတွေ နေရာမှာ အစားထိုးဖို့ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောပါတယ်။
မကြာခင်မှာ ၁၉၉၅ ခုနှစ် မတိုင်ခင်က ထုတ်ခဲ့တဲ့ ကားဟောင်း တွေကို အပြီးတိုင် ဖျက်သိမ်းပြီးနောက် ကားသစ်တွေနဲ့ အစားထိုးတော့မှာ ဖြစ်ပြီး နောက်ထပ် လိုအပ်တဲ့ အရေအတွက်ကို တွက်ချက်ပြီး ထမ်မံဝယ်ယူဖို့ ရှိတယ်လို့ သူက ပြောပါတယ်။
ရန်ကုန်မြို့မှာ ပြေးဆွဲဖို့ ဘတ်စ်ကား စုစုပေါင်းက လေးထောင်လောက် လိုအပ်ပြီး လောလောဆယ် ပြေးဆွဲနေတဲ့ကားက ၃၈၀၀ နဲ့ ၃၉၀၀ ကြား ရှိနေတယ်လို့ သူက ဆိုပါတယ်။
YBS စနစ်ကို ပြောင်းလဲလိုက် ပြီးတဲ့နောက်မှာ ဘတ်စ်ကားသုံး ခရီးသည်တွေအနေနဲ့ ကားတွေကို အချိန်အကြာကြီး စောင့်ကြရတာ၊ ကားခတွေ ပိုပေးရတာ စတဲ့ အခက်အခဲ အမျိုးမျိုး ကြုံတွေ့နေရတယ် ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေခဲ့ပါတယ်။
ဒေါက်တာ မောင်အောင်ကတော့ စနစ်သစ် တစ်ခုကို ပြောင်းလဲတယ် ဆိုရင် ချက်ချင်း ချောမွေ့ ပြေလည်နိုင်ဖို့ မဖြစ်နိုင်ကြောင်းနဲ့ အခု ဆိုရင် အရင်ကထက် ပိုမို အဆင်ပြလာပြီ ဖြစ်ပြီး သူတို့ အနေနဲ့ လိုအပ်သလို ပြောင်းလဲ ပြင်ဆင်သွားမယ်လို့ ပြော ပါတယ်။