ရန်ကုန်က ဗြိတိသျှ ကျောင်းဆရာ အသတ်ခံရမှုမှာ မသင်္ကာသူကို စကော့တလန်မှာ ခြေရာခံတွေ့

Gary Ferguson, murder

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

နိုဝင်ဘာလ ၆ရက်နေ့က ရန်ကုန်မြို့ တိုက်ခန်းမှာ အင်္ဂလိပ် ကျောင်းဆရာ Gary Ferguson သေဆုံးနေတာ တွေ့ရှိ

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရန်ကုန်မြို့မှာ ဗြိတိသျှလူမျိုး Gary Ferguson အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ စစ်ဆေးမေးမြန်းဖို့ ရဲက အလိုရှိနေသူ Harris Binotti ကို စကော့တလန်ပြည်နယ် Glasgow မြို့မှာ ခြေရာခံ တွေ့ထားတယ်လို့ ဗြိတိန်နိုင်ငံထုတ် The Sun သတင်းစာမှာ ဖေါ်ပြခဲ့ပေမယ့် သူ့ကို ဖမ်းဆီး ထိန်းသိမ်းတာမျိုး မရှိသေးကြောင်း ဗြိတိန်နိုင်ငံ စကော့တလန်ပြည်နယ် ရဲတပ်ဖွဲ့က အတည်ပြု ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာ အာဏာပိုင်တွေက ဦးဆောင်လုပ်နေပြီး အခုလက်ရှိမှာ စကော့တလန် ပြည်နယ် ရဲတွေအနေနဲ့ ဖမ်းဆီးပိုင်ခွင့် မရှိဘူးလို့ စကော့တလန် ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဒါပေမယ့်လည်း ဖြစ်လာနိုင်မယ့် အန္တရာယ်တွေနဲ့ ပတ်သက်လို့ ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရန်ကုန်မြို့က အလွတ် ပညာသင်ကျောင်းတကျောင်းက အသက်၄၇နှစ်အရွယ် အင်္ဂလိပ်စာ ဆရာ မစ္စတာ Ferguson ကို သတ်ခဲ့ပြီး မြန်မာနိုင်ငံထဲကနေ ထွက်ပြေး တိမ်းရှောင် သွားတယ်လို့ မသင်္ကာမှုနဲ့ တကျောင်းထဲ လုပ်ဖော်ကိုင်ဖက် Harris Binotti ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အလိုရှိနေတာ ဖြစ်ပါတယ်။