ကန့်သတ်မှုတွေကြောင့် ခရီးစဉ်ကို ယန်ဟီးလီ အားမရ

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty Images
လူ့အခွင့်အရေး တိုးတက်မှု သိပ်မရှိပေမဲ့ ပညာရေး ကျန်းမာရေး အခြေအနေတွေ တိုးတက်မှု ရှိတယ်လို့ဆို
မြန်မာ နိုင်ငံမှာ ၁၂ ရက်ကြာ ခရီးစဉ် အဖြစ် ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင်ရာ အထူးသံတမန် မစ္စယန်ဟီးလီက သူ့ခရီးစဉ်အတွင်း ကန့်သတ်မှုတွေ ရှိခဲ့တဲ့ အတွက် အားရ ကျေနပ်မှု မရှိဘူးလို့ ပြောပါတယ်။
၆ ကြိမ်မြောက် မြန်မာ နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်မှာ သတင်းထောက် တွေကို ရှင်းလင်း ပြောခဲ့ခဲ့စဉ် ထည့်သွင်း ပြောခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာ အစိုးရဖက်က လက်မခံတဲ့ ကိစ္စမှာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကိုပါ ကန့်သတ်တဲ့ သဘော ပြောလာတဲ့ အတွက် စိတ်ပျက်မိတယ်လို့ မစ္စယန်ဟီးလီက ရှင်းလင်း ပြောခဲ့ပါတယ်။
အချက်အလက် ရှာဖွေရေး အဖွဲ့က ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ ဖွဲ့ထားတဲ့ အဖွဲ့ ဖြစ်ပြီး သူနဲ့ ပတ်သက်မှု မရှိဘူး၊ သူကတော့ မြန်မာ နိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူး သံတမန် ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခဲ့စဉ်က ဒီအကြောင်း ပြောမပြော မစ္စယန်ဟီးလီက အတိအကျ မပြောခဲ့ပါဘူး။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တော့ တွေ့ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။
အချက်အလက် ရှာဖွေရေး အဖွဲ့ကို လက်မခံချင်တာနဲ့ သူ့ရဲ့ သွားလာခွင့်တွေကို ကန့်သတ်တဲ့ သဘောရှိတယ်လို့လည်း ပြောဆိုပြီး အခု ခရီးစဉ် အတွင်း သူသွားကြည့်ချင်တဲ့ နေရာ အားလုံးကို သွားခွင့် မရခဲ့ဘူး လို့လည်း မစ္စယန်ဟီးလီက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့တွေကို သွားရောက်ပြီး ဒုက္ခသည် စခန်းတွေကို သွားကြည့်ခွင့် ရခဲ့ပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကိုတော့ သွားခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။
ကရင်ပြည်နယ် မြိုင်ကလေးက ဘိလပ်မြေ စက်ရုံကို သွားခွင့် မရတာ၊ မတရားသင်း ဆက်သွယ်မှုနဲ့ ရှမ်းပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် တွေကို သွားတွေ့ခွင့် မရတာ စတဲ့ ကန့်သတ်မှုတွေကို စိတ်ပျက်မိတယ်လို့ မစ္စယန်ဟီးလီက ပြောပါတယ်။
ခရီးစဉ် တစ်ခုလုံးကို ခြုံကြည့်ရင်တော့ လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်လို့ တိုးတက်မှု သိပ်မရှိပေမဲ့ ပညာရေး ကျန်းမာရေး အခြေအနေတွေ တိုးတက်မှု ရှိတယ်လို့ မစ္စယန်ဟီးလီက ပြောပါတယ်။
လာမယ့် အောက်တိုဘာလကျင်းပမယ့် ကုလသမဂ္ဂညီလာခံမှာ မြန်မာနိုင်ငံ ဆိုင်ရာ တွေ့ရှိချက် တွေကို မစ္စယန်ဟီးလီက အစီအရင်ခံစာ တင်မှာဖြစ်ပါတယ်။