မိုးမောက်ဈေးရှေ့ ပေါက်ကွဲမှုမှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, U Ne Win (MP)
လက်ဖက်ရည်ဆိုင်ရှေ့မှာ ပေါက်ကွဲမှု ဖြစ်ခဲ့
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းက မိုးမောက်မြို့ မှာ ဇူလိုင်လ ၂၂ ရက် စနေနေ့ မနက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးသေဆုံးပြီး လူ သုံး ဦးဒဏ်ရာရသွားခဲ့တယ်လို့ မိုးမောက်ရဲစခန်း တာဝန်ကျရဲအရာရှိက ဘီဘီစီကို ပြောပါတယ်။
သေဆုံးသူဟာ ကေအိုင်အေက ခွဲထွက်ခဲ့တဲ့ လဝါယန် ပြည်သူ့စစ်အဖွဲ့က စီးပွားရေး တာဝန်ခံ ဗိုလ်မှူးအဆင့်ရှိသူ ဦးလဂိုင်နော်ဆန်းဆိုသူ ဖြစ်ပြီး အခြား ဒဏ်ရာသူ တွေကတော့ မိုးမောက် ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ ဒဏ်ရာပြင်းထန်သူတစ်ဦးကိုတော့ ဗန်းမော် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ကုသထားတယ်လို့ သိရပါတယ်။
လဝါယန်ပြည်သူ့စစ်ဌာနေ အဖွဲ့ဟာ KIA အဖွဲ့ကနေခွဲထွက်လာတဲ့အဖွဲ့ တစ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဟာ မိုးမောက်မြို့နယ် ဈေးရှေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသွားသူ ဦးလဂိုင်နော်ဆန်းဟာ ဈေးရှေ့က လက်ဖက်ရည်ဆိုင်ကို နေ့စဉ် လာထိုင်လေ့ရှိပြီး အဲဒီ မနက်မှာလည်း လက်ဖက်ရည်သောက်ပြီးလို့ ပြန်ဖို့ သူစီးလာတဲ့ ကားနားကို သွားစဉ်မှာပဲ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ မိုးမောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ပြောပါတယ်။
ပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက် ဆိုတာ မသိရသေးဘူးလို့ မိုးမောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။
မိုးမောက်မြို့နယ်မှာ အရင်ကလည်း ဒီလိုပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပေမဲ့ အခုနှစ်ထဲမှာတော့ ဒါဟာ ပထမဆုံးအကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့သိရပါတယ်။