ရှမ်းမြောက်ပိုင်း စစ်ပွဲတွေ အတွင်း ဖမ်းထားသူ နှစ်ယောက်ကို ရုံးထုတ်မယ်

ကချင်

ဓာတ်ပုံ ရင်းမြစ်, KBC KACHIN

ဓာတ်ပုံ ပုံစာ,

ရဲလက်ထဲ လွှဲမပေးသေးခင် သီတင်းပတ် အတန်ကြာ ခလရ ၁၂၃ ထဲ စစ်ဆေး ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း အစိုးရ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ အတွင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကစလို့ အဖမ်းခံထားရတဲ့ ကချင် နှစ်ခြင်းအဖွဲ့က ဘာသာရေး ဆရာ နှစ်ယောက်ကို လားရှိုး မှာ ဒီကနေ့ ရုံးထုတ်ဖို့ ရှိနေပါတယ်။

အသက် ၆၅ နှစ် အရွယ် သင်းထောက် လူကြီး ဒွမ်ဒေါ့ နောင်လတ်နဲ့ အသက် ၃၅ နှစ် အရွယ် ဓမ္မဆရာ လန်ဂျော် ဂမ်ဆိုင်းတို့ အဖမ်းခံ ထားရတာ ဖြစ်ပါတယ်။

သူတို့ကို မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) အပါအဝင် ပုဒ်မ တချို့တပ်ပြီး တရား စွဲဆို ထားရတာပါ။

ကချင် လက်နက်ကိုင် KIA အဖွဲ့ဝင်တွေ အတွက် ဘာသာရေး ဆုတောင်း ပေးလို့ ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၁၇(၁) တပ် တရားစွဲ ခံရတာမျိုး မဖြစ်သင့် ဘူးလို့ ကချင် နှစ်ချင်း ခရစ်ယာန် အသင်းတော် ကေဘီစီရဲ့ အတွင်းရေးမှုး ဒေါက်တာ ဆမ်ဆန်က ဘီဘီစီကို ပြောပါတယ်။

မြန်မာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ခရစ်ယာန် ဘုရားကျောင်း တစ်ခု ပျက်စီး ခဲ့တာ အပါအဝင် တခြား အရပ်ဘက် ပစ်မှတ် တွေ ပျက်စီးတာမျိုးကို စာနယ်ဇင်း သမားတချို့ မှတ်တမ်း တင်နိုင်ဖို့ လိုက်လံ ပြသ ကူညီခဲ့တဲ့ အတွက် အခုလို ဖမ်းဆီး ခံရတာ ဖြစ်တယ်လို့ လူ့ အခွင့်အရေး အဖွဲ့တွေက ပြောဆို နေပါတယ်။

အစိုးရ စစ်တပ်ကတော့ အဲဒီ ခရစ်ယာန် ဘုရားကျောင်း ပျက်စီးသွားတာ သူတို့ လက်ချက် မဟုတ်ဘူး ဆိုပြီး ငြင်းဆို ထားပါတယ်။

အဲဒီ နှစ်ယောက်ကို စစ်တပ်က ဖမ်းဆီးပြီး ရဲလက်ထဲ လွှဲမပေးသေးခင် သီတင်းပတ် အတန်ကြာ ခလရ ၁၂၃ တပ်ရင်းထဲမှာ စစ်ဆေး ခဲ့တယ်လို့ ဖိုတီဖိုင်းရိုက်စ် လူ့ အခွင့်အရေး အဖွဲ့က ပြောပါတယ်။

တခါ၊ အဲဒီ ဘာသာရေး ဆရာ နှစ်ယောက်ကို ဖမ်းထားတဲ့ အဓိက အကြောင်းဟာ အစိုးရ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အများသိအောင် လုပ်ဆောင် ခဲ့မှုကြောင့် ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကလည်း ပြောဆို ဝေဖန် ထားပါတယ်။