မြန်မာပြည်ထဲ မွတ်ဆလင်တွေ ဖိနှိပ် ခံရလို့ ဆိုပြီး အီရန်မှာ ဆန္ဒပြမယ်

ရခိုင်မြောက်ပိုင်းအရေး အီရန်က အကူအညီတွေ ပေးပို့ခဲ့ဖူး။
မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေ အပေါ် ဖိနှိပ်နေတဲ့ အတွက်လို့ ဆိုကာ အီရန် နိုင်ငံထဲက ပြည်နယ် ၅ ခုမှာ ချီတက် ကန့်ကွက်ပွဲတွေ ပြုလုပ် ဖို့ စီစဉ်ထားတယ် ဆိုပြီး အီရန် သတင်း ဌာနတစ်ခု ဖြစ်တဲ့ တတ်စ်နီးမ် အေဂျင်စီက ပြောပါတယ်။
လာမယ့် ဇူလိုင်လ ၂၇ ရက် သောကြာနေ့ ၊ မွတ်ဆလင်တို့ရဲ့ စုပေါင်း ဝတ်ပြုပွဲ အပြီး လူတွေ စုဝေး ကြဖို့ အီရန် နိုင်ငံထဲက အစ္စလာမ်မစ်ရေးရာ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီက ကြေညာချက် ထုတ်ပြန် ထားပါတယ်။
ဂျေရူဆလင်မြို့က ဘာသာရေး အထွဋ်အမြတ် နေရာ ဖြစ်တဲ့ အယ်လ်-အတ်ဆာ ပလီ ဝတ်ကျောင်းတော်မှာ ဇီယွန် ဝါဒီတို့ ကျူးလွန်တဲ့ ရှက်စဖွယ် အပြုအမူတွေကို ဆန့်ကျင်ဖို့နဲ့ မြန်မာ နိုင်ငံထဲက အကာအကွယ်မဲ့ မွတ်ဆလင်တွေ အပေါ် လူမျိုးရေး ခွဲခြားရေး ဝါဒီတို့ ကျူးလွန် နေမှုတွေ အတွက် ချီတက် ဆန္ဒပြကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ဆန္ဒပြ ချီတက်ပွဲတွေကို အီရန် နိုင်ငံထဲက ပြည်နယ်တွေ ဖြစ်တဲ့ ကွမ်၊ မာ့ရှ်ဟာ့ဒ်၊ ရှီရာ့ဇ်၊ တာဘရဇ်နဲ့ တဟီရန်တို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။