မွန်လွှတ်တော် ဒုတိယ ဥက္ကဌ မိခင်ပါတီကနေ နှုတ်ထွက်

ဓာတ်ပုံ ရင်းမြစ်, Banyar Aung
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတွင် ရှိနေစဉ်က ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်ပေးနေစဉ်
မွန်ပြည်နယ်လွှတ်တော်ရဲ့ ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါက်တာ အောင်နိုင်ဦးဟာ သူ့ရဲ့ ပါတီဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီကနေ နှုတ်ထွက်လိုက်ပါတယ်။
ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌ အဖြစ်ဆောင်ရွက်နေတဲ့ ဒေါက်တာအောင်နိုင်ဦးဟာ ပါတီကနေ နှုတ်ထွက်လိုက်တာကို အတည်ပြုပြောပေမဲ့ ဘာကြောင့်နှုတ်ထွက်ရတယ်ဆိုတာတော့ အသေးစိပ်မပြောလိုဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ဒေါက်တာအောင်နိုင်ဦးဟာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ စတင်ဖွဲ့စည်းစကတည်းက ၂၀၁၀ ကတည်းက ပါတီမှာ ပါဝင်လာခဲ့သူဖြစ်ပြီး ၂၀၁၀ နဲ့ ၂၀၁၅ ခုနစ် ရွေးကောက်ပွဲတွေမှာ ချောင်းဆုံးမြို့နယ်ကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူဖြစ်ပါတယ်။ မွန်လွှတ်တော်မှာ အန်အယ်လ်ဒီ အမတ်တွေကြီးစိုးပေမဲ့ အန်အယ်လ်ဒီအမတ်တွေကိုယ်တိုင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ အဖြစ် တင်မြောက်မှုကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။ ဒေါက်တာအောင်နိုင်ဦးဟာ မွန်တပါတီတည်းရှိရေးမူကို လိုလားသူလည်း ဖြစ်ပါတယ်။
ဒေါက်တာအောင်နိုင်ဦးအနေနဲ့ နှုတ်ထွက်စာတင်ထားပေမဲ့လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနဲ့တော့ သူ့နှုတ်ထွက်ခွင့်အတွက် လေ့လာသုံးသပ်နေဆဲဖြစ်တဲ့အတွက် အတည်ပြုပေးတာ မရှိသေးဘူးလို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါက်တာမင်းနွယ်စိုးက ပြောပါတယ်။ ဒါ့အပြင် ဒေါက်တာအောင်နိုင်ဦးနှုတ်ထွက်တာဟာ ပါတီပေါင်းစည်းရေးကိစ္စ မွန်ပါတီသစ်ပေါ်ပေါက်ရေး တွေနဲ့သက်ဆိုင်မလား ဆိုတာကိုတော့ စဉ်းစားစရာဖြစ်ကြောင်း ဒေါက်တာမင်းနွယ်စိုးက ပြောပါတယ်။
လတ်တလောကာလအတွင်း မွန်ပြည်နယ်မှာ မွန်အမျိုးသားပါတီ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၊ မွန်အမျိုးသမီးပါတီဆိုပြီး မွန်ပါတီ ၃ ပါတီရှိနေတာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ပါတီ ၃ ပါတီစလုံးဝင်ပြိုင်ခဲ့ပြီးနောက် မွန်အမတ်လောင်းတွေအနေနဲ့ မဲဆန္ဒနယ် နေရာအနည်းငယ်သာ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
မွန်ပြည်သူတွေနဲ့ ရဟန်းသံဃာတော်တွေရဲ့ အမြင်အရတော့ မွန်တပါတီတည်းဖြစ်ပြီး မွန်တွေ ညီညွတ်မှုရှိရင် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အများကြီးရနိုင်တယ်ဆိုတဲ့ အမြင်လည်း ရှိကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက မွန်ပါတီတွေ ပေါင်းစည်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။
ဒါကြောင့်ပဲ လက်ရှိအချိန်မှာ မွန်ပါတီတွေကို ပေါင်းစည်းစေလိုသူနဲ့ တကယ်လို့ မပေါင်းနိုင်ရင်းလည်း ပါတီအသစ်ပေါ်ပေါက်လာဖို့ ဆောင်ရွက်မဲ့ အယူအဆရှိသူတွေ ကွဲပြားနေကြပါတယ်။