အကူအညီပေးရေး သက်သက်မဟုတ်ပဲ ဖွံ့ဖြိုးရေးမှာ ကုလက အာရုံစိုက်မယ်

Image caption နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးမှာ ရင်းနှီးမြှုပ်နှံမယ်

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အပေါ် အထောက်အကူ ဖြစ်နိုင်တဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေ လုပ်ဆောင်ဖို့ ကုလသမဂ္ဂ အနေနဲ့ အတတ်နိုင်ဆုံး အကူအညီ ပေးမယ်ဆိုပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် UNDP အုပ်ချုပ်ရေးမှုး အာချင်စတိန်နာ (Achim Steiner) က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ မစ္စတာ စတိန်နာဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်တန်း အာဏာပိုင်တွေနဲ့ နေပြည်တော်မှာ ဒီကနေ့ (ဩဂုတ်လ ၈ ရက် နေ့) တွေ့ဆုံ သွားဖို့ ရှိပါတယ်။

လူသားချင်း စာနာ နားလည်တဲ့ အထောက်အပံ့တွေ ပေးဖို့သက်သက် UNDP က ရည်ရွယ် မထားပဲ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးမှာ ရင်းနှီးမြှုပ်နှံမှာ ဖြစ်တယ်လို့ မစ္စတာ စတိန်နာက ဘီဘီစီကို ပြောပါတယ်။

ဒါမှ မြန်မာပြည်သူတွေ အနေနဲ့ ပြည်ပက အထောက်အပံ့တွေ အပေါ် အားထားစရာ မလိုပဲ ပိုမို ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိ လာနိုင်မှာ ဖြစ်တယ်လို့လည်း မစ္စတာ စတိန်နာက ဆိုပါတယ်။

မြန်မာ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အထောက်အကူ ပြုတဲ့ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွေထဲ ကုလသမဂ္ဂ အနေနဲ့ ဒေါ်လာသန်း ၃ဝဝ ကျော် ရင်းနှီး မြုပ်နှံထားတယ်လို့ မစ္စတာ စတိန်နာက ပြောပါတယ်။

ဩဂုတ်လ ၇ ရက် တနင်္လာနေ့ တုန်းကတော့ မစ္စတာ စတိန်နာဟာ ရန်ကုန် တက္ကသိုလ်မှာ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီ တွေ့ဆုံပွဲဟာ ရေရည် တည်တန့်ခိုင်မြဲတဲ့ ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ ဆိုတဲ့ ခေါင်းစဉ်အောက် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။