ဒုက္ခသည်စခန်းက မွတ်ဆလင်တွေကို လုံခြုံရေး တပ်ဖွဲ့တွေဖမ်း

ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေ တိုးမြှင့်ချထား

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အထက်နန်းရာ ဒုက္ခသည် မွတ်ဆလင် စခန်းကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းပိတ်ဆို့ပြီး စခန်းထဲက လူ ၇၀ ကျော်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံ မွတ်ဆလင် တယောက်က ဘီဘီစီကို ပြောပါတယ်။

ရသေ့တောင်မြို့နယ် မေယူကမ်း စေတီပြင်နယ်မြေမှာ တပ်မ (၃၃) က တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီပြီး စစ်ဆင်ရေး ပြုလုပ်နေပါတယ်။

အဲဒီ စစ်ဆင်ရေးအတွင်းမှာ မသင်္ကာတဲ့လူတွေကို ခေါ်ယူစစ်ဆေးမှုတွေလည်း ရှိနေပါတယ်။

ဒေသခံမွတ်ဆလင်က ပြောကြားရာမှာ မနက် ၃ နာရီအချိန်လောက်က ဒုက္ခသည်စခန်းအတွင်းကို ဝင်ရောက်ပြီး ဒုက္ခသည် ယောက်ျား၊ မိန်းမတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေကိုတော့ ရိုက်နှက်ပြီး စခန်းထဲမှာပဲ ချန်ရစ်ခဲ့ပါတယ်။ ဒုက္ခသည် ယောက်ျား ၇ဝ လောက်ကိုတော့ ရိုက်နှက်ပြီးနောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးတင်မောင်ဆွေကတော့ ဒုက္ခသည် စခန်းကို အခုဝင်ရောက် ရှာဖွေဖမ်းဆီးတာဟာ အကြမ်းဖက်မှုနဲ့ မသင်္ကာတဲ့သူတွေကို ဖမ်းဆီးတာလို့ ပြောပါတယ်။ ဖမ်းဆီးသူဦးရေ ၁၄ ဦးကိုသာ အတည်ပြုနိုင်ပြီး ရိုက်နှက်ညှဉ်းပန်းတာမျိုးကိုတော့ မလုပ်ဖူးလို့ ငြင်းဆိုပါတယ်။

အဲဒီအထက်နန်းရာနဲ့ အောက်နန်းရာကျေးရွာတွေမှာ ဒီလ စောစောပိုင်းက လူပေါင်း ၆၀၀ လောက်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဝိုင်းဝန်း တိုက်ခိုက်တဲ့ အတွက် လူပေါင်း ၆၀၀ လောက်ကို တရားစွဲဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ