အပစ်ရပ်အဖွဲ့တွေနဲ့ နယ်မြေသတ်မှတ်မှုဆွေးနွေးပွဲ စစ်တပ်ကိုယ်စားလှယ်မတက်

ဓာတ်ပုံ မူပိုင် Cease Fire Joint Monitoring Comittee
Image caption ကရင်ပြည်နယ်မှာ လွန်ခဲ့တဲ့ အပတ်က ကျင်းပခဲ့တဲ့ နယ်မြေသတ်မှတ်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို တွေ့ရစဉ်

အပစ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်အကြား နယ်မြေသတ်မှတ်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စမ်မြို့မှာ သြဂုတ်လ ၂၃ ရက်က ကျင်းပခဲ့ပြီး ဆွေးနွေးပွဲကို တပ်မတော်ကိုယ်စားလှယ်တွေ တက်ရောက်မှု မရှိခဲ့ပါဘူး။

ဒီအစည်းအဝေးဟာ အပစ်ရပ်ပြီးနောက်ပိုင်း နယ်မြေမသတ်မှတ်နိုင်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲဖြစ်နေမှုအပေါ် ဖြေရှင်းရေးမှာ အရေးပါတဲ့ တပ်နေရာချထားမှု လုပ်ငန်းစဉ်အတွက် ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။

အန်စီအေ အပစ်ရပ်စာချုပ်အရ ဖွဲ့စည်းထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်မှု ကော်မတီJMC ကဦးဆောင်ကျင်းပတဲ့ ဒီအစည်းအဝေးဟာ အစိုးရ ၊ တိုင်းရင်းသား လက်နက်ကိုင်၊ တပ်မတော် အစုအဖွဲ့သုံးဖွဲ့ပါဝင်တဲ့ ပြည်ထောင်စုအဆင့် ဂျေအမ်စီ ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရလည်း ကျင်းပတာပါ။

အရပ်သား ကိုယ်စားလှယ် တဦးဖြစ်တဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် မက်သရူးအေးကတော့ တပ်မတော်အနေနဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲကို ဆန့်ကျင်လို့ မတက်တာမဟုတ်ပဲ သူတို့အနေနဲ့လည်း သီးသန့်ဆွေးနွေးပွဲ တရပ်ကျင်းပဖို့ စီစဉ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

တပ်နေရာချထားမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးမှုတွေကို တပ်ကိုယ်စားလှယ်တွေ မလာခဲ့မှုအပေါ် ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အပစ်ရပ် အာစီအက်စ်အက်စ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီနဲ့ PNLO ပအိုဝ်းအဖွဲ့တွေလို လက်နက်ကိုင်တွေဘက်က မှတ်ချက်ရယူဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

ဆွေးနွေးပွဲကျင်းပတဲ့ နယ်မြေဟာ အပစ်ရပ် အာစီအက်စ်အက်စ်နဲ့ ဆက်စပ်နေတဲ့ နယ်မြေဖြစ်ပြီး အန်စီအေ လက်မှတ်ထိုးပြီးနောက် အာစီအက်စ်အက်စ်နဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ခဲ့မှုဟာ အကြိမ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ အန်စီအေ အပစ်ရပ်စာချုပ်အရတော့ အပစ်ရပ်လက်မှတ်ထိုးပြီးပါက နိုင်ငံရေးမူဘောင်ဆွေးနွေးရေးဆွဲရန် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှု ကျင်းပမှုနဲ့ တပြိုင်နက် တပ်ပိုင်းဆိုင်ရာ နယ်မြေသတ်မှတ်မှုအတွက် ဆွေးနွေးရန်ဆိုတဲ့ အန်စီအေ စာချုပ်ပါ ပြဌာန်းချက်တွေအရ နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပနေပေမဲ့ တပ်နေရာချထားမှုနဲ့ ပတ်သက်လို့ အခုထိ တရားဝင် မဆွေးနွေးနိုင်သေးပဲဖြစ်နေတာပါ။

အန်စီအေ စာချုပ်ဆိုတာ တိုင်းရင်းသား လက်နက်ကိုင်တွေတင်မကပဲ အစိုးရ ၊တပ်မတော်တို့ကလည်း လက်မှတ်ထိုးထားတဲ့အတွက် အားလုံးက စာချုပ်ကို လေးစားလိုက်နာဖို့လိုတယ်လို့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ နိုင်ငံရေးပါတီ အစုအဖွဲ့မှ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့် က ပြောပါတယ်။

တပ်မတော်ကိုယ်စားလှယ်တွေအနေနဲ့ လွန်ခဲ့တဲ့ အပတ်က ကရင်ပြည်နယ်မှာ လုပ်ခဲ့တဲ့ ကရင်လက်နက်ကိုင်တွေပါဝင်တဲ့ အပစ်ရပ်နယ်မြေအတွင်း နယ်မြေသတ်မှတ်မှု အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း မတက်ခဲ့ပါဘူး။

တပ်မတော်က ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ JMC ကော်မတီကို အသုံးပြုပြီး တိုင်းရင်းသားတွေကို ဖိအားပေးမှာ မဟုတ်လို့ JMC ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပြောဆိုထားပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ကတော့ တပ်မတော်က အဲဒီကော်မတီကို သုံးပြီး တိုင်းရင်းသားတွေကို ဖိအားပေးနေတယ်လို့ ဝေဖန်ထားပါတယ်။