မြန်မာ့ပဲလောက ဂယက်ရိုက်နေ

Image caption အိန္ဒိယကို မြန်မာပြည်က ၁ နှစ်ကို ပဲတန်ချိန် ၅ သိန်းကျော်ပို့နေ

မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံ (၃) မျိုးကို အိန္ဒိယက တင်သွင်းခွင့် ကန့်သတ်လိုက်တဲ့အတွက် ပဲဈေးတွေ ထိုးကျပြီး ဈေးကွက်မှာ အရောင်းအဝယ်တွေ ရပ်ဆိုင်းနေပါတယ်။ ရန်ကုန်က ဘုရင်နောင် ကုန်စည်ဒိုင်မှာ အရောင်းအဝယ်တွေပိတ်လိုက်ပြီး တခြား ပဲထွက်တဲ့ ဒေသတွေက ဒိုင်တွေမှာလည်း အရောင်းအဝယ်တွေ ပိတ်ထားရပါတယ်

ပြည်တွင်းက ထွက်တဲ့ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံ (၃) မျိုးု တင်သွင်းတာကို အိန္ဒိယက ကန့်သတ်လိုက်တာဟာ ပြည်တွင်း ပဲလောကမှာ ပထမဆုံးအကြိမ် ကြုံတွေရတာ ဖြစ်ပါတယ်။

ဈေးကွက်မှာတော့ အရင်ပေါက်ဈေး (၆)သိန်းကျော် ရှိတဲ့ ပဲစင်းငုံဟာ (၅)သိန်းပဲ ရှိတော့ပြီး မတ်ပဲကလည်း (၈)သိန်းကနေ (၆)သိန်းအထိ ဈေးတွေ ထိုးကျနေပါတယ်။ မုံရွာဘက်က ပဲစိုက်တောင်သူ ဦးကျော်လင်း ကတော့ ဒီဈေးနဲ့ဆိုရင် စိုက်စရိတ်တောင် မရနိုင်တော့ဘူးလို့ ပြောပါတယ်။

ပြည်တွင်းမှာ ပဲမျိုးစုံ အများဆုံးထွက်တာကတော့ မုံရွာနဲ့ ပခုက္ကူပါ။ အိန္ဒိယကို အဓိက တင်ပို့နေတဲ့ ပဲစဉ်းငုံဟာ နောက် (၂) လလောက်ဆို ထွက်မှာ ဖြစ်သလို မတ်ပဲ ပဲတီစိမ်းဟာလည်း မကြာခင် စိုက်ပျိုးဖို့ရှိနေတာကြောင့် ပဲကုန်သည်တွေနဲ့ ပဲစိုက် တောင်သူတွေကလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

ပဲကုန်စည်ဒိုင်တွေမှာတော့ အရောင်းအဝယ်တွေ မရှိတော့ပဲ ပိတ်ထားရတဲ့ အထိ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းကုန်သည်များ အတွင်းရေးမှူး ဦးမင်းကိုဦးကတော့ ဒီနှစ်ရာသီထွက် ပဲတွေကို အိန္ဒိယဘက်က ဝယ်ယူပေးဖို့ အစိုးရကတဆင့် တိုက်တွန်းပေးစေလိုတယ်လို့ ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ လာမယ့် စက်တင်ဘာလဆန်းပိုင်းမှာ မြန်မာနိုင်ငံကို လာဖို့ ရှိနေတာကြောင့် သူ့ခရီးစဉ်အတွင်း ဒီကိစ္စကို ညှိနှိုင်းပေးဖို့ ပဲကုန်သည်တွေဘက်က လိုလားနေတာပါ။ စီးပွားကူးသန်း ဝန်ကြီးဌာန ကတော့ အခုလို အိန္ဒိယဘက်က ပဲတင်သွင်းမှုဆိုင်ရာ သွင်းကုန်မူဝါဒပြောင်းလဲမှုနဲ့ ပတ်သက်လို့ ကုန်သည်လုပ်ငန်းရှင်တွေနဲ့ လာမယ့် (၂၅) ရက်နေ့မှာ အစည်းအဝေးလုပ်ဖို့ ရှိပါတယ်။

အနာဂတ်မှာ ဒါမျိုး အခြေအနေတွေ ကြုံတွေ့လာရင် ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို ဆွေးနွေးဖို့ ရှိသလို တဘက်ကလည်း အခု ကိစ္စအတွက် အိန္ဒိယနိုင်ငံဘက်ကို သံတမန် နည်းလမ်းအရ မေတ္တာရပ်ခံဖို့လည်း ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဲတင်ပို့မှု အများဆုံး (၃) နိုင်ငံထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။ နှစ်စဉ် ပဲမျိုးစုံ တင်ပို့မှု တန်ချိန် (၁၄)သိန်း နီးပါးရှိပြီး ဒီကနေ အမေရိကန်ဒေါ်လာ (၁) ဘီလျံကျော် ဝင်ငွေရရှိနေတာလည်း ဖြစ်ပါတယ်။

မတ်ပဲ၊ ပဲတီစိမ်း နဲ့ ပဲစင်းငုံ (၃) မျိုးကတော့ အိန္ဒိယဈေးကွက် အပေါ် အဓိက အားထားနေရတာ ဖြစ်တဲ့ အတွက် အိန္ဒိယရဲ့ အခုလို ကန့်သတ်မှုက မြန်မာပြည်က ပဲဈေးကွက်အတွက် အတော်လေးကြီးတဲ့ ဂယက်ရိုက်ခတ်မှု ဖြစ်နေပါတယ်။။

ဘီဘီစီ တဝန်း