မကွေးတိုင်းမှာ ရေနံမြေအသစ်တွေ့ရှိထား

ဓာတ်ပုံ မူပိုင် Google Earth : U Aung Min
Image caption ဒီရေနံမြေဟာ ၁၉၇၈ နောက်ပိုင်း အကြီးဆုံး ဖြစ်လာနိုင်ဖွယ်ရှိ

အလျားမိုင် (၂၀) အနံ (၃ မိုင်) လောက်ရှိပြီး အလွန် အလားအလာ ကောင်းမွန်တဲ့ ရေနံမြေတခုကို မကွေးတိုင်းထဲမှာ တွေ့ထားလို့ ဘူမိဗေဒကွင်းဆင်းလေ့လာမှုတွေ လုပ်ဖို့ အစိုးရက ပြင်ဆင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အခုတွေ့ရှိထားတယ်ဆိုတဲ့ ရေနံမြေရဲ့ ရေနံကြောဟာ မကွေးတိုင်း မင်းဘူး၊ ထောက်ရှာပင်ကနေ ငဖဲ၊ စေတုတ္တရာ မြို့နယ်တွေအထိ ရှည်လျားပြီး လက်ရှိ အကြီးဆုံးရေနံကြောတွေထဲမှာပါတဲ့ မန်းရေနံမြေ၊ ထောက်ရှာပင်ရေနံမြေနဲ့ တဆက်တည်းရှိနေတာပါ။

အဲဒီရေနံကြောနဲ့ ပတ်သက်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝန်ကြီး ဦးဝင်းခိုင်ကို တင်ပြ ထားပြီး ဘူမိဗေဒကွင်းဆင်းမှုတွေ လုပ်ဖို့ ပြင်ဆင်နေတယ်လို့ မကွေးတိုင်း သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ဘီဘီစီကို ပြောပါတယ်။ ရေနံကြောရှိတဲ့ နယ်နိမိတ် အတွင်းမှာ လူနေတဲ့ ဧရိယာ တချို့လည်း ပါတယ်လို့ သူက ဆိုပါတယ်။

ဒီရေနံကြောကို ဘူမိဗေဒပညာရှင် ဦးအောင်မင်းက စတင်တွေ့ရှိခဲ့ပြီး မကွေးတိုင်းအစိုးရကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူကတော့ဒီ ရေနံမြေဟာ နှစ်ပေါင်း (၄၀) လောက်အတွင်း အကြီးဆုံးဖြစ်လာနိုင်ပြီး ရေနံစည် ပေပါပေါင်း သန်းနဲ့ ချီပြီး ထွက်လာဖို့ ခန့်မှန်းနေပါတယ်။

အဲဒီ ဒေသမှာ ရေနံထွက်နိုင်တဲ့ ဘူမိဗေဒအနေအထားကို ဂူဲဂဲလ် ဂြိုဟ်တု ဓာတ်ပုံတွေမှာ စတင် တွေ့ရှိခဲ့ပြီး လက်တွေ့ မြေပြင် ကွင်းဆင်းလေ့လာရာမှာလည်း အဲဒီမှာ ရေနံ တကယ်ရှိနေတာကို တွေ့ခဲ့ရတယ်လို့ ဘူမိဗေဒပညာရှင် ဦးအောင်မင်းက ဘီဘီစီကို ပြောပါတယ်။

ခန့်မှန်တဲ့ အတိုင်းသာ ရေနံထွက်မယ် ဆိုရင် ရေနံစည် သန်းပေါင်း ၅၈၉.၆ သန်း ထွက်နိုင်ဖွယ်ရှိပြီး အမေရိကန် ဒေါ်လာ ၅၈.၉၆ ဘီလီယံ တန်ဖိုး ရှိတယ်လို့ ခန့်မှန်းရကြောင်း သူက ဆိုပါတယ်။

လောလောဆယ်မှာ မကွေးတိုင်းထဲက ချောက်၊ ရေနံချောင်း၊ မင်းဘူး ရေနံမြေတွေကနေ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ဂတ်စ်တွေ ထွက်ရှိနေပြီး ၁၉၈၀ ဝန်းကျင်က တွေ့ရှိခဲ့တဲ့ မန်းရေနံမြေ၊ ထောက်ရှာပင် ရေနံမြေတွေကနေတော့ ၁ လကို ရေနံစည် ပေပါ ၄ သောင်းဝန်းကျင် ထွက်ရှိနေပါတယ်။

အခု အသစ်တွေ့ရှိတဲ့ ရေနံကြောနဲ့ ပတ်သက်လို့ ဘူမိဗေဒကွင်းဆင်းလေ့လာပြီး တိုင်းထွာမှုတွေ အသေအချာလုပ်ပြီးမှသာ ရေနံစည် ပမာဏဘယ်လောက်ထွက်မယ်ဆိုတာကို ခန့်မှန်းနိုင်မယ်လို့ မကွေးတိုင်းအစိုးရကတော့ ပြောပါတယ်။

ဘီဘီစီ တဝန်း