ရခိုင်တိုက်ခိုက်မှု သေသူ အရေအတွက် တိုးလာနေ

ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေးချထားတဲ့ ရဲတပ်ဖွဲ့ဝင် တချို့

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ,

ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေးချထားတဲ့ ရဲတပ်ဖွဲ့ဝင် တချို့

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းက ရဲတပ်ဖွဲ့ စခန်းတွေကို ဘင်္ဂလီ အကြမ်းဖက်တွေ ဝင်စီးခဲ့လို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၁ ယောက် အပါအဝင် အနည်းဆုံး လူ အယောက် ၇၀ သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လပေါင်းများစွာ အတွင်းမှာ အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ အခု တိုက်ခိုက်မှုတွေမှာ ရဲစခန်း ၂၀ ကျော်ဟာ ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံ အစိုးရက ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်း ၁ နာရီမှာ မောင်တောခရိုင်ထဲက ရဲစခန်းတခုကို အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေက လက်လုပ်မိုင်းနဲ့ ဖောက်ခွဲပြီး တိုက်ခိုက်မှု စတင်ခဲ့ကာ အခြား နေရာအများအပြားက ရဲစခန်းတွေကိုလည်း တပြိုင်တည်း တိုက်ခိုက်ခဲ့တယ်လို့ အစိုးရ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အခု နှစ်ပိုင်းထဲ ရခိုင်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် လူအမြောက်အမြား ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရ

အစိုးရရဲ့ နောက်ဆုံး ထုတ်ပြန်ချက် အရ တိုက်ခိုက်ခံရတဲ့ ကင်းစခန်းပေါင်း ၃၀ ခု ၊ ကျဆုံးတပ်ဖွဲ့ဝင်ပေါင်း ၁၁ ဦး (တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး)၊ ဒု လူဝင်မှုကြီးကြပ်ရေးမှူး ၁ ဦး သေဆုံးပြီး (၄) ဦးဒဏ်ရာရကာ တပ်ဖွဲ့ဝင်ပေါင်း ၁၁ ဦးမှာ ၃ ဦး က စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား အလောင်း ၅၉ လောင်း တွေ့ရပြီး အရှင်ဖမ်းမိသူ ၁ ဦး ရှိတယ်လို့ ပြောပါတယ်။

အခု တိုက်ခိုက်မှုတွေမှာ အကြမ်းဖက်သမား အယောက် ၁၅၀ လောက် ပါဝင်တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်း ပါဝင် ပတ်သက်နေသလဲ ဆိုတာကို အခုထက်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

၂၀၁၆ ခုနှစ် အောက်တိုဘာလ တုန်းကလည်း အဲဒီဒေသဘက်မှာ အလားတူ တိုက်ခိုက်ခံရပြီး ရဲတပ်သား ၉ ယောက် ကျဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

မနှစ် အောက်တိုဘာ တိုက်ခိုက်ခံရမှု အပြီး တပ်မတော်က ရခိုင်မှာ စစ်ဆေးရေးတွေ အရှိန်မြှင့်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ရခိုင်ပြည်နယ်ဟာ မဖွံ့ဖြိုး မတိုးတက်မှု၊ ဆင်းရဲမွဲတေမှုနဲ့ လူမျိုးစု ပဋိပက္ခတွေရဲ့ဒဏ် နှစ်လရှည်ကြာ ခံနေရ

သြဂုတ်လ ၂၄ ရက် ကြာသာပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အဆုံးသတ် အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က လူမျိုးစု ပဋိပက္ခတွေကို ဖြေရှင်းမပေးနိုင်ရင် အကြမ်းဖက်မှုတွေ တိုးပွားလာနိုင်ပြီး ဒါကို ထိန်းချုပ်နိုင်ဖို့ အတွက် အစိုးရက အဲဒီ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ရခိုင်မြောက်ပိုင်းက ရဲစခန်းတွေ ၁ နှစ် အတွင်းမှာ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခံခဲ့ရမှုဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် အဆုံးသတ် အစီရင်ခံစာ ထုတ်ပြန်တဲ့ နေ့ရက်နဲ့ အချိန်ကိုက် ဖြစ်နေပါတယ်။