ကျောင်းသားရေး အစိုးရမစွက်ဖို့ တောင်းဆို

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဆွေးနွေးပွဲကို ခေတ်အဆက်ဆက်က ကျောင်းသားမျိုးဆက်တွေ တက်ရောက်ခဲ့

ကျောင်းသားသမဂ္ဂဖွံ့ဖြိုးရေးနဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အုံ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ ခေတ်အဆက်ဆက် ကျောင်းသားမျိုးဆက်တွေပါဝင်တဲ့ ဆွေးနွေးပွဲ တခုကို ရန်ကုန်တက္ကသိုလ် ဓမ္မာရုံမှာ သြဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂတွေကို လွတ်လပ်စွာရပ်တည်ခွင့်ပေးပြီး အစိုးရက ဝင်ရောက်စွက်ဖက်မှုတွေ မလုပ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်နိုင်ရေးနဲ့ အစိုးရအပါအဝင် မည်သည့်အဖွဲ့အစည်းမဆိုရဲ့ အနှောင်အဖွဲ့ကင်းမဲ့တဲ့ ကျောင်းသားသမဂ္ဂတွေ ရပ်တည်နိုင်ရေး အားပေးကြဖို့ ကျောင်းသားသမဂ္ဂမျိုးဆက်ဟောင်းကြီးတွေက တွေ့ဆုံပွဲမှာ အကြံပြု ထောက်ပြခဲ့ကြပါတယ်။

စည်းလုံးညီညွတ်မှု အားနည်းတာက အဆောက်အအုံဆောက်နိုင်ဖို့ အဓိက အခက်အခဲ ဖြစ်တဲ့အတွက်ဒီအခက်အခဲတွေ ကျော်ဖြတ်နိုင်အောင် ၁၉၆၂ ခုနစ် ကျောင်းသားမျိုးဆက် ခေါင်းဆောင်တွေကတော့ တိုက်တွန်းခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Khin Mg Win
Image caption ပြီးခဲ့တဲ့ ဇူလိုက် ၇ ရက်က ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဗုံးခွဲခံရမှု နှစ်ပတ်လည်ကို သမဂ္ဂဟောင်းနေရာ ဗိုလ်အောင်ကျော် အုတ်ဂူ ရှေ့မှာ ပြုလုပ်ခဲ့ကြတဲ့ မြင်ကွင်း

အစိုးရသစ်တက်ပြီးနောက် ကျောင်းသားသမဂ္ဂအဖွဲ့အချို့ကို ရန်ကုန်တက္ကသိုလ်ထဲမှာ ရုံးခန်းဖွင့်ခွင့်ပေးတာတွေ ရှိသလို ၁၉၆၂ ခုနစ် စစ်အာဏာသိမ်းပြီးနောက် ဖျက်ဆီးခံခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် အစီအမံတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရအနေနဲ့ သူတို့နဲ့ နီစပ်လက်သင့်တဲ့အဖွဲ့တွေနဲ့သာ တိုင်ပင် ဆောင်ရွက်နေတယ်ဆိုပြီး ကန့်ကွက်မှုတွေ ရှိလာတာကြောင့် တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းစဉ်ကို ရပ်နားထားခဲ့ပါတယ်။

၁၉၆၂ ကျောင်းသား ခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ နှစ်ကျွန်းပြန် ဦးဖေအောင်ကတော့ လက်ရှိ ကျောင်းသားအဖွဲ့အစည်းတွေ အားလုံးကို တန်းတူညီမျှ ဆက်ဆံဖို့ လိုတယ်ဆိုတဲ့ သူ့အမြင်ကို ဘီဘီစီကို ပြောပါတယ်။ ကျောင်းသားအဖွဲ့ တချို့ကိုကျ သမဂ္ဂဖွဲ့ခွင့်၊ ရုံးခန်းဖွင့်ခွင့်ပေးပြီး တချို့ကိုကျ ဖမ်းဆီး ထောင်ချတာတွေဟာ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။ လွတ်လပ်ရေးသမိုင်းမှာ အရေးပါခဲ့တဲ့ ကျောင်းသား သမဂ္ဂကို ပြန်လည် ရှင်သန်ဖွံ့ဖြိုးစေချင်တဲ့ သူ့ဆန္ဒကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။

Image caption အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့တဲ့ မူလ ရန်ကုန်တက္ကသိုလ်သမဂ္ဂ အဆောက်အအုံ

ဒီဆွေးနွေးပွဲမှာ ကျောင်းသား သမဂ္ဂတွေ လွတ်လပ်စွာ ရပ်တည်ခွင့်ရမှ အစိုးရက တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား သမဂ္ဂ အဆောက်အအုံ တည်ဆောက်ခွင့် ပြုရေး တင်ပြခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။

၁၉၆၂ စစ်အာဏာသိမ်း အစိုးရ ဖြိုချခဲ့တာဟာ သမဂ္ဂ အဆောက်အအုံ တင်မကဘဲ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းလှုပ်ရှားခွင့် Institution တခုလုံးကို ဖျက်ဆီးခဲ့တာ ဖြစ်လို့ သမဂ္ဂတွေ ရပ်တည်လှုပ်ရှားခွင့် မရှိဘဲ အဆောက်အအုံ သက်သက် ပြန်ဆောက်ရင်လည်း လွဲမှားနေတဲ့ အတွေးအခေါ် တခုလို့ ယူဆကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ဗဟိုလုပ်ငန်းကော်မတီဝင် ကိုအောင်ထက်အောင်က ပြောပါတယ်။

အခု ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တချို့လည်း တက်ရောက်ခဲ့ပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ တင်ပြမှုတွေထဲမှာ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သမဂ္ဂအဆောက်အအုံ တည်ဆောက်ရေး၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးတွေနဲ့ ပတ်သက်လို့ ဘယ်ကိစ္စကို မဆို လက်သိပ်ထိုး ပါဝင်တာမျိုးမလုပ်ဖို့၊ တက္ကသိုလ် ပဋိညာဉ် ရေးဆွဲရေး လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့တွေလည်း ပါဝင်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲက တက္ကသိုလ်သမဂ္ဂအဆောက်အအုံကို ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်အာဏာသိမ်း တော်လှန်ရေးကောင်စီက မိုင်းဗုံးခွဲဖြိုချခဲ့တာဟာ အခု ဆိုရင် ၅၅ နှစ် ရှိခဲ့ပါပြီ။

ဘီဘီစီ တဝန်း