စာချုပ် ပြီးသားပဲတွေ အိန္ဒိယကို တင်ပို့ခွင့်ပြန်ရ

Image caption မြန်မာ့ပဲ ပြည်ပ တင်ပို့မှုမှာ အိန္ဒိယကို အဓိက အားထားနေရ

ပဲဈေးတွေ ကျလို့ဆိုပြီး မြန်မာနိုင်ငံကနေ တင်ပို့တဲ့ ပဲတွေကို အိန္ဒိယ ဘက်က မကြာသေးခင်က ပိတ်ထား ပေမဲ့ ငွေပေးချေပြီးသားပဲတွေကိုတော့ တင်ပို့နိုင်တယ်လို့ သြဂုတ်လ ၃၀ ရက်နေ့က ပြန်လည် ခွင့်ပြုလိုက်ပါတယ်။

သြဂုတ်လ ၅ ရက်နေ့ မတိုင်ခင် စာချုပ် ချုပ်ထားခဲ့ပြီး သင်္ဘောပေါ်တင်ထားပြီးသား လမ်းတဝက်မှာ ရောက်နေတဲ့ ပဲသုံးမျိုးကို ခွင့်ပြုကြောင်း အိန္ဒိယ သံရုံးက ထုတ်ပြန် ကြေညာ လိုက်တာ လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ဘီဘီစီကို ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကနေ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံ တွေကို ဝယ်ယူနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေတဲ့ မြန်မာ့ပဲ သုံးမျိုးအနက် ပဲစဉ်းငုံ တင်ပို့မှုကို သြဂုတ်လ ၄ ရက်နေ့မှာ စတင် ကန့်သတ်ခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့မှာ ကျန်တဲ့ ပဲနှစ်မျိုးကိုပါ ထပ်မံ ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ခွင့်ပြုလိုက်လို့ အရောင်းအဝယ် လုပ်ထားပြီးသား မြန်မာ ပဲကုန်သည်တွေနဲ့ တောင်သူ လယ်သမားတွေအတွက် အဆင်ပြေ သွားတယ်လို့ မုံရွာကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးသိန်းဦးက ပြောပါတယ်။

ပဲတင်ပို့မှုနဲ့ ပတ်သက်လို့ ဖြေလျှော့မှု တစုံတရာရှိတဲ့ အတွက် ပဲကုန်သည်တွေ အနည်းငယ် အဆင်ပြေသွားပေမဲ့ အသစ်ထပ်မံ တင်ပို့ခွင့်မရသေးတာက ပဲစိုက်တောင်သူတွေအတွက် အကျပ်အတည်း ဖြစ်နေပါသေးတယ်။

ဇွန်မှာ စိုက်တဲ့ ပဲစဉ်းငုံတွေက ဒီဇင်ဘာမှာ ထွက်တော့မှာ ဖြစ်လို့ အိန္ဒိယ ဘက်က မဝယ်ဘူး ဆိုရင် ပြည်တွင်းကုန်သည်တွေကလည်း အများကြီး ဝယ်နိုင်မှာ မဟုတ်လို့ စျေးနှုန်းတွေ ကမောက်ကမ ဖြစ်နိုင်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

မြန်မာနိုင်ငံက အိန္ဒိယကို နှစ်စဉ် ပဲတန်ချိန် ၅ သိန်းကျော် တင်ပို့နေတာဖြစ်ပြီး အခုနှစ်ထဲမှာ မတ်ပဲတန်ချိန် ၃ သိန်းလောက်ပဲ တင်ပို့ထားရ သေးတယ်လို့ သိရပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာ အိန္ဒိယနိုင်ငံကို ရောင်းနေကျပဲတွေ တင်သွင်းခွင့် မရခဲ့ရင် နိုင်ငံတော်အစိုးရ အကြီးအကဲတွေကို ကူညီပေးဖို့ တင်ပြ ထားတာ ရှိတယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

နိုင်ငံတော် ရန်ပုံငွေ တစ်ရပ် ထူထောင်ပြီး အဲဒီပဲတွေ ဝယ်ယူနိုင်ဖို့လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဘီဘီစီ တဝန်း