တပ်ဘက်က တရားစွဲထားတဲ့ အမှု ၅ မှု ရုပ်သိမ်း

Image caption သီပေါတရားရုံးမှာ ဒီနေ့ တွေ့မြင်ရတဲ့ တရားစွဲခံ သတင်းသမားတွေ

တပ်မတော်ဘက်က သတင်းသမားနဲ့ လူပုဂ္ဂိုလ် ၈ ဦးအပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီကို စက်တင်ဘာလ ၁ ရက်နေ့ မှာ တရားဝင်စာနဲ့ စာနဲ့ အကြောင်းကြားလာကြောင်း သတင်းမီဒီယာကောင်စီက ပြောပါတယ်။

သတင်းမီဒီယာသမား ၆ ယောက် လက်ရှိ တရားရင်ဆိုင်နေရတဲ့ အမှု ၃ မှု အပါအဝင် တပ်ဘက်က စွဲချက်တင်ထားတဲ့ စုစုပေါင်း အမှု ၅ မှုကို ရုပ်သိမ်းကြောင်း အကြောင်းကြားတယ်လို့ သတင်းမီဒီယာကောင်စီက ဒုတိယဥက္ကဌ ဦးအောင်လှထွန်းက ဘီဘီစီကို အတည်ပြုပါတယ်။

သက်ဆိုင်သူတွေကို စာနယ်ဇင်းကောင်စီက အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း ဦးအောင်လှထွန်းက ပြောပါတယ်။

အမှုရုပ်သိမ်းခံရတဲ့ သတင်းမီဒီယာသမားတွေကတော့ သီပေါမြို့နယ် တရားရုံးမှာ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ တရားရင်ဆိုင်နေရတဲ့ ဒီမိုကရက်တစ်မြန်မာအသံ (ဒီဗီဘီ) က အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်နဲ့ ဧရာဝတီ သတင်းဌာနက အကြီးတန်း သတင်းထောက် ဦးသိန်းဇော်၊ သတင်းမီဒီယာဥပဒေ ၂၅ (ခ) နဲ့ ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ပုဒ်မတွေနဲ့ တရားစွဲခံခဲ့ရတဲ့ The Voice Daily က အယ်ဒီတာချူပ် ဦးကျော်မင်းဆွေ၊ သရော်စာ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်၊ ဝန်းသိုမြို့မှာ (ရာဇသတ်ကြီး ပုဒ်မ-၅၀၂) The Daily Eleven သတင်းစာ အယ်ဒီတာချူပ်ဦးဝေဖြိုးတို့ ဖြစ်ပါတယ်။

ဧရာဝတီမြန်မာပိုင်း အယ်ဒီတာ ကိုရဲနည်ကတော့ "သူတို့ရဲ့ စိတ်စေတနာ ဒါမှမဟုတ် သဘောထား ပြောင်းသွားတဲ့ သဘောထားရှိပါလိမ့်မယ်၊ အဲဒါကလည်း ကျွန်တော့် အမြင်အရ ရခိုင်အရေးနဲ့ ပတ်သတ်နေတယ်၊ တိုက်ဆိုင်နေတယ်၊ နိုင်ငံရေး အယူအဆ ပါတယ်ထင်တယ်" လို့ ဘီဘီစီကို ပြောပါတယ်။

အခြား ရုပ်သိမ်းခဲ့တဲ့ အမှု ၂ မှုကတော့ တပ်မတော် အပေါ် ထိခိုက်နစ်နာစေတဲ့ ဆိုတဲ့ စွပ်စွဲချက်နဲ့ မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးထင်ကျော် (ခေါ်) ဦးကျော်ထင်အမှုနဲ့ တောင်ငူမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ နဲ့ တရားစွဲခံထားရတဲ့ တောင်ငူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ဒုတိယဥက္ကဌ ကိုဝေယံသိန်း (ခေါ်) ဗစ်တာဦးဆောင်တဲ့ ကျောင်းသားမျိုးဆက် ကေတုအိုးဝေတော်လှန်သံချပ်အဖွဲ့ကို စွဲဆိုထားတဲ့ အမှုတွေပဲ ဖြစ်ပါတယ်။

ဒီလို တပ်မတော်ဘက်က အမှုတွေ ကျေအေးပေးခဲ့တာ အပေါ် နိုင်ငံရေး အရ လူထု ထောက်ခံမှုရအောင် ဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း လေ့လာသူတွေအကြား ထွက်ပေါ်နေပါတယ်။

ဘီဘီစီ တဝန်း