ဒုက္ခသည် ကပ်ဘေး ဆိုက်လုပြီလို့ UNHCR ဆို

ဓာတ်ပုံ မူပိုင် AFP
Image caption ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်မှာရှိတဲ့ လူမဲ့နေရာတခုမှာ ယာယီခိုလှုံဖို့ရောက်လာတဲ့ ထွက်ပြေးလာသူ ရိုဟင်ဂျာ ဒုက္ခသည်တချို့

မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ထားရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေမှာ အကျပ်အတည်း ဆိုက်ရောက်လုလုအနေအထားဖြစ်ပေါ်နေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ UNHCR က သတိပေးလိုက်ပါတယ်။

လတ်တလော ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် ရှစ်ရက် အတွင်းမှာ မြန်မာနိုင်ငံက ထွက်ပြေးလာသူ ရိုဟင်ဂျာ ဒုက္ခသည် စုစုပေါင်း ၆ သောင်းနီးပါးရှိပြီလို့လည်း ဆိုပါတယ်။

UNHCR ပြောခွင့်ရပုဂ္ဂိုလ် ဗီဗီယန် တန်က ဘီဘီစီကိုပြောရာမှာ အခုလိုသာ ဆက်ပြီး ဒုက္ခသည်တွေ ရောက်လာရင် မကြာခင်ရက်ပိုင်းအတွင်းမှာ လူတွေ ပြည့်လျှံကုန်တော့မယ်လို့ ဆိုပါတယ်။

အစိုးရတပ်မတော်က ရိုဟင်ဂျာလက်နက်ကိုင်တွေကို ပစ်မှတ်ထားပြီး နယ်မြေရှင်းလင်းမှုတွေလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ထွက်ပြေးလာတဲ့ ရွာသားတွေကတော့ အစိုးရတပ်ဖွဲ့တွေက သူတို့အိမ်တွေကို မီးရှို့ပြီး သူတို့ကိုလည်း သေနတ်နဲ့ပစ်ခတ်တယ်လို့ ဆိုပါတယ်။

HRW လူ့အခွင့်အရေးအဖွဲ့ရဲ့ အာရှဒါရိုက်တာ Phil Robertson ကတော့ သေနတ်ဒဏ်ရာနဲ့လူတွေ ကျည်ဆံဗုံးဆံဒဏ်ရာနဲ့ လူတွေ ရက်ပေါင်းအတန်ကြာ အစာမစားရတဲ့သူတွေ စသဖြင့် ဆေးကုသဖို့လိုအပ်တဲ့ လူတွေကို သူတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလူတွေရဲ့ အခြေအနေဟာ အရေးပေါ် ဆေးကုသမှုတွေလိုအပ်နေတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်က သူတို့ကို လက်ခံ ပေးဝင်ဖို့ဟာ သိပ်အရေးကြီးနေတယ်လို့လည်း သူက ထောက်ပြပါတယ်။ အခု အခြေအနေဟာ ကပ်ဘေး တခုဖြစ်နေပြီလို့လည်း သူက ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ကတော့ တိုက်ပွဲတွေဖြစ်လာတဲ့အတွက် ဒေသတွင်း လူဦးရေ နှစ်သိန်းခွဲလောက် အတွက် ပေးနေတဲ့ အကူအညီတွေကို ရပ်တန့်ဖို့ ဖိအားပေးခံခဲ့ရတယ်လို့ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ