မောင်တောမှာ လုံခြုံရေး စိတ်မချရသေး

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption စစ်တွေကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေအတွက် ပြည်နယ်နဲ့ ဗဟိုအစိုးရက ထိထိရောက်ရောက် အကူအညီပေးတာ မရှိသေး

စက်တင်ဘာလ ၃ ရက်နေ့က မောင်တောမြို့နယ်နဲ့ အနီးတဝိုက်ကရွာတွေမှာ လုံခြုံရေး စိတ်မချကြတဲ့အတွက် ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေ အပြင် စစ်တွေမြို့က နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ လာရောက် ခိုလှုံကြတဲ့ ရခိုင်တိုင်းရင်းသားတွေ ထောင်ချီ ရှိနေပြီး စစ်တွေမြို့မှာ ရောက်နေတဲ့ ဒုက္ခသည် အရေအတွက် တသောင်းကျော်သွားပြီလို့ ရခိုင်အမျိုးသားပါတီက ဦးအောင်မြတ်ကျော်က ဘီဘီစီကို ပြောပါတယ်။

စစ်တွေမြို့က ဘုန်းကြီးကျောင်း ၁၅ ကျောင်းမှာ ဆိုရင် မောင်တောဘက်က ရောက်လာတဲ့ ရခိုင်ဒုက္ခသည် သုံးထောင်လောက် ရှိပြီး တခြား အသိမိတ်ဆွေနဲ့ ဆွေမျိုးသားချင်းအိမ်တွေမှာလည်း ရောက်ရှိနေကြတယ်လို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။

စစ်တွေကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေအတွက် ပြည်နယ်နဲ့ ဗဟိုအစိုးရက ထိထိရောက်ရောက် အကူအညီပေးတာ မရှိသေးပဲ ဘူးသီးတောင်နဲ့ မောင်တောဘက်က ပိတ်မိနေသူတွေကိုပဲ အဓိကထား ကူညီနေပြီး မြန်မာနိုင်ငံတဝန်းက လူမှု ကူညီရေး ပရဟိတ အသင်းအဖွဲ့တွေက စုပေါင်း ကူညီတာပဲရှိတယ်လို့လည်း ဦးအောင်မြတ်ကျော်က ပြောပါတယ်။

ဒီစစ်တွေက ဒုက္ခသည်တွေကို နိုင်ငံတကာ အကူအညီပေးရေး INGO အဖွဲ့တွေကတော့ လာရောက် ကူညီဖို့ ကမ်းလှမ်းတာ ရှိပေမယ့် ကယ်ဆယ်ရေးစခန်း တာဝန်ခံတွေက လက်မခံခဲ့ဘူးလို့ သူက ပြောပါတယ်။

ဒီဒုက္ခသည်တွေ အတွက် လောလောဆယ်မှာ လူမှုကူညီရေးအဖွဲ့အစည်းတွေက လှူဒါန်းထားတဲ့ အစားအသောက်တွေနဲ့ ရေတိုမှာ ဖူလှုံပေမယ့် တကိုယ်ရေ သန့်ရှင်းရေး၊ ကျန်းမာရေးနဲ့ သောက်သုံးရေ အခက်အခဲရှိနေပါတယ်။

လောလောဆယ်မှာ မောင်တောဒေသတဝိုက်မှာ တိုက်ပွဲဖြစ်တာတွေ မရှိပဲ အခြေအနေ တည်ငြိမ်နေပေမယ့် ဘူးသီးတောင်မြို့နယ်အပါအဝင် နေရာ တော်တော်များများမှာ အစိုးရစစ်တပ်နဲ့ ရဲတွေက လုံခြုံရေးချထားပါတယ်။

ဒါပေမယ့် စက်တင်ဘာလ ၃ ရက်နေ့မှာပဲ ရိုဟင်ဂျာ မွတ်စလင် ရွာတွေ မီးရှို့ ဖျက်ဆီးခံရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပြီး ဒါနဲ့ပတ်သက်လို့ တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ ARSA (Arakan Rohingya Salvation Army) လက်နက်ကိုင်အဖွဲ့တို့ သြဂုတ်လ ၂၅နေ့နောက်ပိုင်းမှာ စဖြစ်ခဲ့တဲ့ ပစ်ခတ်မှုနောက်ပိုင်း မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သောင်း ကျော်သွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ရိုဟင်ဂျာဒုက္ခသည်တွေ နောက်ထပ်လည်း ဆက်လက် ဝင်ရောက်နေပြီး အစားအစာနဲ့ နေထိုင်စရာ မလောက်ငှမှုတွေ ဖြစ်နိုင်တယ်လို့ နိုင်ငံတကာ အကူအညီပေးရေး NGO အဖွဲ့တွေက သတိပေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ