အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေရဲ့ အနာဂတ်

ဓာတ်ပုံ ရင်းမြစ်, HLUTTAW
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေပါဝင်တဲ့ လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့ပြီး အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေ အတွက် အချက်အလက်ကောက်ယူ
အရှုံးပေါ်လို့ လုပ်ငန်းတွေ ယာယီရပ်ဆိုင်ထားတဲ့ နိုင်ငံပိုင် စက်ရုံပေါင်း (၂၄) ရုံနဲ့ ပတ်သက်လို့ လုပ်ငန်းတွေ အပြီး ရပ်ဆိုင်းတာ၊ ပုဂ္ဂလိကကို လွှဲပြောင်းပေးတာတွေ လုပ်ဖို့ လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့ပြီး အချက်အလက်ကောက်ယူမှုတွေ လုပ်နေပါတယ်။
စက်မှုဝန်ကြီးဌာနအောက်မှာရှိတဲ့ သန်လျင်ရေနံချက်စက်ရုံ၊ မြင်းခြံသံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ လယ်ယာသုံးပစ္စည်းထုတ်စက်ရုံ၊ အထည်ချုပ်စက်ရုံ စတဲ့ စက်ရုံပေါင်း (၂၄)ရုံဟာ နှစ်စဉ် ၁ နှစ်ကို ကျပ်ငွေ ဘီလျံ ၃၀ဝ ကျော် အထိ အရှုံးပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ဒီစက်ရုံတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ လွှတ်တော်မှာ ဆွေးနွေးပြီးကတည်းက ယာယီရပ်နားထားခဲ့တာပါ။
အခုတော့ ဒီစက်ရုံတွေကို စီမံဘဏ္ဍာရေးဝန်ကြီးဌာန စက်မှုဝန်ကြီးဌာနတွေက ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးတွေနဲ့ ပြင်ပ ပညာရှင်တွေ၊ ကုန်သည်စက်မှုအသင်းချုပ် အဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့ပြီး အချက်အလက် ကောက်ယူစစ်ဆေးမှုတွေ စလုပ်နေပါတယ်။
ပြည်သူ့လွှတ်တော် ရင်းနှီးမြုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံဖြိုးတိုးတက်ရေးကော်မတီဝင်၊ ယာယီရပ်ဆိုင်းထားတဲ့ စက်ရုံတွေကို လေ့လာသုံးသပ်ရေး အဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးအောင်ကျော်ကျော်ဦးက
"ထုတ်လုပ်တဲ့ စရိတ်က ဈေးကွက်ထဲမှာ ရောင်းတဲ့ ဈေးထက် ပိုများနေလို့ အရှုံးပေါ်နေတဲ့ စက်ရုံ ၂၄ ခု အတွက် စိတ်ဝင်စားတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တွေ့ဆုံဖို့ ရှိတယ်" လို့ ဘီဘီစီကို ပြောပါတယ်။
စက်ရုံတွေကို အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ်လုပ်မလား၊ ဒါမှမဟုတ် အများပိုင် လုပ်မလား၊ ပုဂ္ဂလိကပိုင် အဖြစ် အငှား လုပ်မလား ဆွေးနွေးဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
နိုင်ငံပိုင် စီးပွားလုပ်ငန်းတွေ အကုန်လုံးက အရှုံးပေါ်နေလို့ ပုဂ္ဂလိကပိုင် အဖြစ် တဖြည်းဖြည်း ပြောင်းသွားဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။
လောလောဆယ် ဒီစက်ရုံ ၂၄ ရုံမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းဦးရေ သောင်းဂဏန်းလောက်ရှိပြီး ကျောင်းစိမ်းဝတ်စုံတွေ ချုပ်တဲ့ အထည်ချုပ်စက်ရုံတခုတည်းမှာတင် ဝန်ထမ်း ၁,၇၀ဝ ကျော်လောက် ရှိနေပါတယ်။
လက်ရှိမှာ စက်ရုံ လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ် ဆိုပေမယ့် ဝန်ထမ်းတွေကိုတော့ လစာပေးနေဆဲ ဖြစ်ပါတယ်။
စက်ရုံတွေကို အပြီး ပိတ်သိမ်းပြီး ပုဂ္ဂလိကကို လွှဲပြောင်းဖို့ ဖြစ်လာမယ်ဆိုရင် ဝန်ထမ်းတွေကို အခြား အစိုးရဝန်ကြီးဌာန လွှတ်တော်ရုံး ဘက်ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိသူတွေကို ပြောင်းရွှေ့ပေးမှာ ဖြစ်ပြီး လုပ်သက် ၁၀ နှစ် ကျော်သူတွေထဲက အနားယူလိုသူတွေကိုလည်း ပင်စင်ပေးဖို့ စီစဉ်ထားတယ်လို့ ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။ လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းတွေကိုလည်း လျော်ကြေးလိုချင်ရင် လျော်ကြေးပေးမယ်လို့ ဆိုပါတယ်။
စက်မှုဝန်ကြီးဌာန အမှတ်(၁)၊ အမှတ် (၂)၊ အမှတ် (၃) အကြီးစား စက်မှုလုပ်ငန်းတွေ အောက်က နိုင်ငံပိုင်စက်ရုံတွေထဲက အချို့ကို အရှုံးပေါ်နေလို့ ဆိုပြီး ပုဂ္ဂလိကကို လွှဲပြောင်းပေးတာ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။
ဒီစက်ရုံတွေဟာ စက်ပိုင်းဆိုင်ရာ ခေတ်မမီတော့တာ၊ ကုန်ကြမ်းမရတာနဲ့ ထုတ်လုပ်မှုစရိတ်ကြီးမြင့်နေတာအပြင် အုပ်ချုပ်မှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် ပိတ်သိမ်းရတဲ့အထိ ဖြစ်နေရတာလည်း ဖြစ်ပါတယ်။
အခု စက်ရုံပေါင်း ၂၄ ရုံ ကို လုပ်ငန်းအပြီး ရပ်ဆိုင်းတာ ပုဂ္ဂလိက လွှဲပြောင်းတာတွေ လုပ်နိုင်ဖို့ကိုတော့ လွှတ်တော်ကို တင်ပြတာ အပြင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စီးပွားရေးကော်မတီကို တင်ပြပြီး အတည်ပြုချက် ယူရဦးမှာ ဖြစ်ပါတယ်။