ဟိန္ဒူဒုက္ခသည်တွေ ထောင်နဲ့ချီ ထွက်ပြေး ခိုလှုံနေရ

ဓာတ်ပုံ မူပိုင် EPA
Image caption မောင်တောက ဟိန္ဒူ ဘုရားကျောင်းမှာ ခိုလှုံနေသူတွေထဲ ကလေးတွေ အမြောက်အမြား ပါဝင်

ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်နီးပါးက ရခိုင်ပြည်နယ် မြောက်ပိုင်း မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက်မှာ မတည်မငြိမ်မှုတွေ ဆက်ဖြစ်နေတဲ့ အတွက် နေရပ်စွန့်ထွက်ပြေးကြသူတွေ အများအပြား ထဲမှာ ဟိန္ဒူ ဘာသာဝင်တွေလည်း ပါဝင်ပါတယ်။

မောင်တောမြို့နယ် အတွင်း ဘင်္ဂါလီရွာတွေကြားမှာ နေကြရတဲ့ ဟိန္ဒူတွေက သူတို့ အသက် အန္တရာယ် စိုးရိမ်ပြီး အိုးအိမ်စွန့် ထွက်ပြေးကြတာလို့ မောင်တော ဟိန္ဒူ အသင်းက ဦးနီမောင်က ဘီဘီစီကို ပြောပါတယ်။

မောင်တောမြို့ပေါ်မှာလည်း ရခိုင်တိုင်းရင်းသား တွေနဲ့ အတူ နေထိုင်တဲ့ ရပ်ကွက်က ဟိန္ဒူတွေက လွဲရင် ကျန်သူတွေ အားလုံးလိုလိုက ဒုက္ခသည် စခန်းတွေမှာ သွားရောက် ခိုလှုံ နေကြတယ်လို့ ဆိုပါတယ်။

မောင်တောမြို့ပေါ်မှာ ဟိန္ဒူတွေသာ သီးသန့်ရှိတဲ့ ဒုက္ခသည် စခန်းတွေ ဖွင့်လှစ် ပေးထား ပါတယ်။

အဲဒီ ဒုက္ခသည် စခန်းတွေမှာ လောလောဆယ် အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ အစိုးရရဲ့ ထောက်ပံ့မှု တွေကြောင့် စားစရာတော့ လုံလောက်တယ်လို့ သူက ပြောပါတယ်။

သူကိုယ်တိုင် ကတော့ မောင်တောမြို့က သူ့နေအိမ်ကို စွန့်ခွာပြီး ဘူးသီးတောင်မြို့က ဟိန္ဒူ ဘုရားကျောင်းမှာ ဖွင့်ထားတဲ့ လူ ၅၀၀ လောက် ရှိတဲ့ ဒုက္စသည် စခန်းကို စက်တင်ဘာ ၇ ရက်နေ့ကပဲ လာရောက် ခိုလှုံ နေတယ်လို့ ဦးနီမောင်က ပြောပါတယ်။

မောင်တောနဲ့ ဘူးသီးတောင် ဒေသမှာ ဟိန္ဒူ ဘာသာဝင် စုစုပေါင်း ၈၀၀၀ ကျော်လောက် ရှိပြီး ကြိမ်ချောင်းနဲ့ ငါးခူရ ရွာက လူတွေ တချို့က လွဲရင် ကျန်ဟိန္ဒူတွေ အားလုံးက ဒုက္ခသည် စခန်းတွေဆီ ထွက်ပြေး လာခဲ့ကြပါတယ်။

ကောလာဟလ သတင်းတွေ ထွက်နေတာက တကြောင်း၊ ပြီးခဲ့တဲ့ တစ်ပတ်က ခမောင်းဆိပ်ရွာမှာ ဟိန္ဒူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာက တကြောင်း တို့ကြောင့် ထိတ်လန့်ပြီး ထွက်ပြေးကြတာလို့လည်း သူကပြောပါတယ်။