ရိုဟင်ဂျာအရေး နှုတ်ဆိတ်မနေဖို့ နိုဗယ်ဆုရှင် ဒက်စမွန်တူးတူးက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း

ဓာတ်ပုံ မူပိုင် PA
Image caption ၂၀၁၄ ခုနစ်က လန်ဒန်မှာ ပြုလုပ်တဲ့ နယ်ဆလင်မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားမှာတွေ့ရတယ် တူးတူး

နိုင်ငံအတွင်းမှာ ရှိနေတဲ့ လူသားအားလုံးအနေနဲ့ လူ့ဂုဏ်သိက္ခာနဲ့ လျော်ညီတဲ့ အကာကွယ်ပေးမှုတွေ မရပဲ အသိအမှတ်ပြုမှုတွေကိုလည်း မရခဲ့ဘူးဆိုရင် အဲဒီနိုင်ငံဟာ ငြိမ်းချမ်းပြီး လွတ်လပ်မှုရှိတဲ့ နိုင်ငံဖြစ်မှာ မဟုတ်ဘူးလို့ နိုဗယ်ဆုရှင် ဒက်စမွန်တူးတူးက ဒေါ်အောင်ဆန်းစုကြည်ဆီကို ပေးပို့စာမှာ သတိပေးထားပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်း တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခံစားရသူတွေရဲ့ ပုံတွေကို မြင်တွေ့ရပြီး စိတ်မချမ်းမသာဖြစ်ရသလို အလွန်အမင်း စိတ်မချမ်းမြေ့ဖြစ်ရတယ်လို့လည်း ဖော်ပြထားပါတယ်။ ဘုန်းတော်ကြီးဖြစ်သူ စာထဲမှာတော့ အချို့တွေက ဒီဖြစ်စဉ်တွေကို ဖြည်းဖြည်းချင်း လူမျိုးသုဉ်း သတ်ဖြတ်မှုဒဏ်ခံနေရတယ်လို့ ခေါ်ဆိုနေတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးအထိ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေအတွက် နှုတ်ဆိတ်မနေပဲ ဆောင်ရွက်ဖို့ တိုက်တွန်းထားသလို ပြီးခဲ့တဲ့နှစ်နှစ်ဆယ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို အမြဲထောက်ခံခဲ့တဲ့ သူ့အနေနဲ့ အခုထိ ဒေါ်အောင်ဆန်းစုကြည်ကို ညီမငယ် တယောက်လို သဘောထားနေဆဲဖြစ်တယ်လို့လည်း တောင်အာဖရိက အပြောင်းအလဲ ကာလမှာ အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေး ကော်မရှင်ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ဒက်စမွန် တူးတူးက ပြောပါတယ်။ လူသားဖြစ်တည်မှုအရ ခရစ်ယာန်ဖြစ်စေ ၊ ဗုဒ္ဓဘာသာဖြစ်စေ ၊ ဟိန္ဒူဖြစ်စေ ၊ ဘုရားမဲ့ဝါဒီတွေပင်ဖြစ်စေ ချစ်ခြင်းမေတ္တာအတွက် မွေးဖွားလာတာဖြစ်တယ်လို့လည်း တူးတူးက ဆိုပါတယ်။

အသက်အရွယ်ကြီးမြင့်ပြီး အိုမင်းမစွမ်းဖြစ်နေတဲ့အတွက် အနားယူနေပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံက မွတ်ဆလင် ရိုဟင်ဂျာတွေအတွက် အလွန်အမင်း ဝမ်းနည်းတဲ့အတွက် အခုလို စာကိုပေးပို့ရတာဖြစ်တယ်လို့ဆိုထားပါတယ်။