ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ရိုဟင်ဂျာတွေ ထောင်နဲ့ချီပြီး ဆက်လက် ထွက်ပြေး

Image caption ခြေနှစ်ဘက်ပြတ်သူ ၁၅နှစ်သားနဲ့ မိခင်

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး လာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေထဲ စစ်တပ်သုံး မိုင်းဗုံးတွေကို တက်နင်းမိလို့ ခြေပြတ်နေသူတွေလည်း ပါဝင်နေတာကို ဘီဘီစီ သတင်းထောက် ကိုယ်တိုင် တွေ့ဆုံ စကားပြော ခဲ့ရပါတယ်။

အဲဒီထဲက တစ်ယောက် ဆိုရင် ၁၅ နှစ် အရွယ် လူငယ် ယောက်ျားလေး ဖြစ်ပြီး ခြေထောက် နှစ်ဘက်စလုံး ပြတ် တောက် နေပါတယ်။

အဲဒီ လူငယ်လေးကို ဆေးကုသ ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ် ဆေးရုံမှာပဲ တက်ရောက်နေတဲ့ အမျိုးသမီး တစ်ဦးကလည်း သူနဲ့ သူ့မိသားစုဟာ သေနတ်နဲ့ ပစ်ခတ် ခံရလို့ ထွက်ပြေး ကြရတုန်း မြေမြှုပ်မိုင်း နင်းမိခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီ မြေမြှုပ်မိုင်းတွေကို ဘယ်သူတွေ မြှုပ်နှံထားတာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် မြန်မာ အစိုးရ စစ်တပ်က ၁၉၉ဝ ပြည့်ကျော် နှစ်တွေမှာ မိုင်းဗုံးတွေ မြှုပ်ခဲ့ပေမယ့် ပြန်လည် ဖယ်ရှား ရှင်းလင်း ခဲ့ပြီး၊ ခု နောက်ပိုင်း နှစ်တွေမှာ အဲဒီလို မိုင်းထောင် တာမျိုး မပြု လုပ်တော့ဘူး ဆိုပြီး မြန်မာ အစိုးရ စစ်တပ်ရဲ့ သတင်းရင်းမြစ် တစ်ခုက ရိုက်တာ သတင်းဌာနကို ပြောထားပါတယ်။

ရိုဟင်ဂျာတွေ ထွက်ပြေးရာ နယ်စပ် လမ်းတွေမှာ မြန်မာ အာဏာပိုင်တွေ ဘက်က မိုင်းတွေ ထောင်ထားတယ် ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ တုန်းကပဲ စွပ်စွဲ ထားပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို စက်တင်ဘာ ၁၁ ရက်၊ တနင်္လာနေ့ ညနေပိုင်း အထိ ၂၄ နာရီအတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေ ထောင်နဲ့ချီ ထွက်ပြေး လာနေဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သွေးထွက်သံယို ဖြစ်ရပ်တွေ ပေါ်ပေါက် လာပြန်တဲ့ သီတင်း နှစ်ပတ် အတွင်း နယ်စပ် ဖြတ်ကျော် ထွက်ပြေးသူ အရေအတွက်ဟာ အခုဆိုရင် သုံးသိန်း နှစ်သောင်း နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထား ကျူးလွန်တဲ့ တိုက်ခိုက်မှုတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု အထိ ရှိနေတယ် ဆိုပြီး ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဇိတ် ရအာ့ဒ် အယ်လ် ဟူစိန်က ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ ကိုယ့်အိမ်တွေ ကိုယ်မီးရှို့ သယောင် မြန်မာ အစိုးရ စစ်တပ်က ပြောဆိုနေတာ ရပ်တန့်သင့်ပြီ လို့လည်း သူက ဆိုပါတယ်။

မြန်မာ နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်ထဲ မှာတော့ "ရိုဟင်ဂျာ" ဆိုတဲ့ စကားလုံးကို ရှောင်ကြဉ်ပြီး လူ့အသိုင်းအဝိုင်း အားလုံး ထိခိုက် ခံစားနေရတဲ့ အပေါ် နိုင်ငံတကာက စိုးရိမ်မကင်း ဖြစ်နေတာကို နားလည်ပါကြောင်း ရေးသား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ