ရခိုင်မှာ ဆရာ ဆရာမတွေ ကျောင်းပြန်လာကြဖို့ ညွှန်ကြား

ဓာတ်ပုံ မူပိုင် NYUNT WIN
Image caption ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေ အပါအဝင် အရပ်သားတွေ ထွက်ပြေးနေရ

ဩဂုတ်၂၅ ရက် အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့ နောက် မောင်တောခရိုင်အတွင်း စာသင် ကျောင်းပေါင်း ၄၀၀ ကျော်ကို ပိတ်ထားခဲ့ရပါတယ်။ အခုအခါ ကျောင်းတစ်ချို့ကို ပြန်လည် ဖွင့်လှစ်ဖို့ စီစဉ်နေပြီး ဆရာဆရာမတွေကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ တာဝန်ကျရာ မြို့နယ်တွေကို နောက်ဆုံးထားပြီး ပြန်လာ ရမယ် ဆိုပြီး ပြည်နယ် ပညာရေးမှူးရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ် အနောက်ခြမ်း မယူကမ်းဒေသမှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာ ဆရာမ အရေအတွက်ဟာ ၃၀၀၀ ကျော် ရှိပါတယ်။ နယ်ခြားစောင့်ရဲစခန်း တွေ တိုက်ခိုက် ခံရပြီးနောက် လုံခြုံရေး အခြေအနေ ယိုယွင်း လာရာကနေ ကျောင်းတွေကို ပိတ်ထားလိုက်ရပြီး ဆရာဆရာမတွေဟာလဲ ဘေးလွတ်ရာကို ရှောင်တိမ်းထွက်ပြေး ခဲ့ကြရပါတယ်။

အများစု ဆရာ ဆရာမတွေကတော့ စစ်တွေ အပါအဝင် လုံခြုံရေး ကောင်းမွန်တဲ့ နေရာဒေသတွေမှာ ခိုလုံနေကြရပါတယ်။

ရခိုင်ပြည်နယ် ပညာရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းကတော့ အစိုးရက မောင်တောဒေသကို တည်ငြိမ်အောင် ထိန်းထား နိုင်ပြီလို့ ကြေညာထားတဲ့ အကြောင်း ပြောပါတယ်။ ဆရာဆရာမတွေ အနေနဲ့လည်း ကိုယ်တာဝန်ကျရာ နယ်အဝေးကို မသွားနိုင် သေးရင်တောင် အနီးဆုံးမြို့ကို လာပြီး စုဝေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဆရာ ဆရာမအများစုကတော့ လုံခြုံရေး စိုးရိမ်ရတဲ့ အနေအထား ရှိနေတုန်း ဖြစ်နေတဲ့ အတွက် မောင်တောဒေသကို ခုချိန်မှာ လာရောက်တာဝန် ထမ်းဆောင်ဖို့ ကြောက်ရွံ့စိတ်တွေ ရှိနေကြဆဲ ဖြစ်ပါတယ်။

မောင်တောမြို့ပေါ်ကို ရောက်နေတဲ့ နံ့သာတောင်ကျေးရွာက ဆရာ ဦးထွန်းမင်းနိုင်က ဘင်္ဂါလီအများစု ရှိရာ ရွာတွေ မှာတော့ ကျောင်းတွေ ပြန်ဖွင့်ဖို့ ဖြစ်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ သူ့ အမြင်ကို ပြောပြပါတယ်။

ပညာရေးဌာနက ထုတ်ပြန်တဲ့ အမိန့်အတိုင်း ဆရာ ဆရာမတွေ ရောက်မလာနိုင်ဘူး ဆိုရင်တော့ တာဝန် ထမ်းဆောင်ဖို့ ပျက်ကွက် တယ်လို့ ဝန်ထမ်းစည်းမျဉ်း အတိုင်း သတ်မှတ်မှာ ဖြစ်ပြီး လာရောက်သူတွေပဲ လစာ ထုတ်ယူ နိုင်မှာ ဖြစ်ပြီး မလာရောက် သူတွေကို လစာ ထုတ်ပေးမှာ မဟုတ်ဘူးလို့ ပညာရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ ဘူးသီးတောင်မြို့ပေါ်မှာ စာသင်ကျောင်း ရှစ်ကျောင်းဖွင့်လှစ်ခဲ့ပြီး လာမယ့် ၁၅ ရက်နေ့ အတွင်း ကျောင်းပေါင်း ၂၀ ထိ ဖွင့်လှစ်သွားမယ်လို့ သိရှိရပါတယ်။