ဆရာမ အီးတီရဲ့ ဈာပနကို ထိုင်း ၊ မလေး ၊ စင်္ကာပူ နိုင်ငံသားအချို့ တက်ရောက်ခဲ့

ဓာတ်ပုံ မူပိုင် Khin Mg Win
Image caption အကြားအမြင်ဆရာမ အီးတီရုပ်အလောင်အား ဂူသွင်းမှုအပြီးတွေ့ရစဉ်

ရန်ကုန်မြို့ သင်္ကျွန်းမြို့နယ်ရှိ နာမည်ကျော် အကြားအမြင် ဆရာမ အီးတီရဲ့ နေအိမ်ကို ဝင်လိုက်တာနဲ့ ထူးခြားတာတခုက အင်္ကျီအနက်ရောင်ဝတ်ထားတဲ့ ထိုင်းစကားပြောနေတဲ့ လူတချို့ကို မြင်ရပါတယ်။ သူတို့တွေဟာ ဆရာမအီးတီ ကို ယုံကြည်ကိုးကွယ်တဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်နဲ့ အစိုးရဝန်ထမ်းတွေဖြစ်ကြပါတယ်။

တချို့ကျတော့ အီးတီဓါတ်ပုံပါတဲ့ အဖြူရောင်စွပ်ကျယ်အင်္ကျီ တွေဝတ်ဆင်ကြပါတယ်။ အိမ်ထဲဝင်တာနဲ့ လွှမ်းသူ့ပန်းခွေတွေ အီးတီအလောင်းနားမှာ ချထားတာတွေ့ရပါတယ်။ အီးတီနဲ့ သူ့မိသားစုဝင်ဓါတ်ပုံတွေ လည်း အိမ်နံရံမှာချိတ်စွဲထားတာလည်း တွေ့ရပါတယ်။

မွေးကတည်းက ကိုယ်လက်အင်္ဂါ မသန်စွမ်းတဲ့ ဆရာမ အီးတီဟာ ကလေးဘဝက သူ့ကို သူငယ်ချင်းတွေက ပစ်ပယ်ထားတာ ခွဲခြားဆက်ဆံတာတွေ ခံရပါတယ်။ သူ့ကိုမိသားစုဝင်တွေက ဒီလိုနာမည်ကြီးလာမယ့် အကြားအမြင်ရှိသူလို့တောင် မထင်ခဲ့ပါဘူး။

တနေ့ သူ ၁၃ နှစ် သမီးမှာ ဘုရားသွားနေတုန်း ဘုရားကိုပစ်တဲ့ မိုးကြိုးစက်ကွင်းမိပြီး ၃ လလောက် ဖျားနာခဲ့ကာ နားမကြား စကားမပြောနိုင်တော့ပဲ ဖြစ်ခဲ့ပြီးနောက်မှာတော့ ပစ္စည်းပျောက်လို ကိစ္စတွေကို ဘယ်နားမှာရှိတယ်ဆိုတာ တပ်အပ်ပြောနိုင်ရင်း အကြားအမြင် ဟောပြောနိုင်သူအဖြစ် လူသိများလာခဲ့တာလို့ သူမရဲ့ တူဖြစ်သူ သရုပ်ဆောင် စည်ဖြိုးက ပြောပါတယ်။

အီးတီကို အိမ်ကနေ နိဗာန်ယာဉ်နဲ့ ရေဝေးသုသာန်ကို ပို့ဆောင်တဲ့အခါမှာလည်း သူ့ကိုချစ်ခင် ယုံကြည်ကြတဲ့ မြန်မာအနုပညာသမားတွေနဲ့ ၊ စစ်တပ်က အရာရှိတွေ၊ ထိုင်းနဲ့ မလေးရှားက စီးပွားရေးလုပ်ငန်းရှင်တွေလည်းပါပါတယ်။ ထူးခြားတာတခုက အီးတီရဲ့ ကျော်ကြားမှုကို လေးစားတဲ့ ပဲရစ်မြို့မှာနေတဲ့ ရိုမေးနီးယားမော်ဒယ်တယောက်ကလည်း ရေဝေးသုသာန်မှာ ကျင်းပတဲ့ အီးတီ ဈာပနအခမ်းအနားကို တကူးတက တက်ရောက်တာတွေ့ရပါတယ်။

သူ့ဟောကိန်းတွေက ကျွန်မတို့ကို အထောက်အကူဖြစ်စေခဲ့သလို စိတ်ဓါတ်တွေ တက်ကြွအောင်လည်း လှုံ့ဆော်ပေးနိုင်ခဲ့တယ်လို့ မလေးရှားနိုင်ငံသူဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ကယ်လီလီးက ပြောပါတယ်။ သူမရဲ့ သူငယ်ချင်း ၃ ဦးကိုလည်း အီးတီက ကယ်တင်ခဲ့ဖူးတယ်လို့ ပြောသလို မလေးရှားနိုင်ငံမှာလည်း သူဟာနာမည်ကျော်ကြားတယ်လို့လည်း ကယ်လီလီးက ပြောပါတယ်။

ကွယ်လွန်ချိန်မှာ အီးတီဟာ ၅၈ နှစ်ရှိပါတယ်။ စကားမပြောနိုင်တဲ့အတွက် ဟောကိန်းပြောတဲ့အခါမှာ စာရွက်နဲ့သာ ရေးသားဖြေကြားပြီး သူ့ညီမဖြစ်သူက ဘာသာပြန်ပေးရပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် သန်းကြွယ်သူဌေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာ ကတောင် ယုံကြည်တဲ့ အကြားအမြင်ဆရာမ တယောက်ပါ။ အီးတီဟာ သူကွယ်လွန်မယ့်ရဲ့ရက်ကို ပြောနိုင်ပြီး သူ့ကိုသင်္ဂြိုလ်တဲ့အခါ အပြာရောင် ဝတ်စုံကို ဝတ်ပေးဖို့ ပြောခဲ့တယ်လို့ မိသားစုဝင်တွေပြောပြချက်အရ သိရပါတယ်။

မြန်မာပြည်အပါအဝင် အရှေ့တောင်အာရှနိုင်ငံက သြဇာညောင်းတဲ့ နိုင်ငံရေးသမား၊ စီးပွားရေးလုပ်ငန်းရှင်တွေအကြား နာမည်ကြီးလူသိများတဲ့ မြန်မာနိုင်ငံက အကြားအမြင် ဆရာမ အီးတီ (ခေါ် ) ဒေါ်ဆွေဆွေဝင်းကို စက်တင်ဘာလ ၁၂ ရက်နေ့ ရေဝေးသုသာန်မှာ သဂြိုလ်ခဲ့တာလည်းဖြစ်ပါတယ်။