တပ်မတော်နဲ့တင်းမာမှုတွေ လျှော့ချနိုင်ရေး သဘောတူလို့ RCSS/SSA ပြော

နေပြည်တော်ရောက် RCSS/SSA ကိုယ်စားလှယ်အဖွဲ့

ဓာတ်ပုံ မူပိုင် Sai Learn
Image caption နေပြည်တော်ရောက် ရှမ်းပြည်တပ်မတော် တောင်ပိုင်း ကိုယ်စားလှယ်အဖွဲ့

တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ရဲ့ စက်တင်ဘာလ ၁၁ ရက်နေ့တွေ့ဆုံမှုကို အားရကျေနပ်မှုရှိပြီး နှစ်ဘက် ပဋိပက္ခတွေနဲ့ တင်းမာမှုတွေ ဖြေလျှော့ဖို့ သဘောတူနိုင်ခဲ့တယ်လို့ အာစီအက်စ်အက်စ် တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

တင်းမာမှုတွေ ဖြေလျှော့ဖို့ နှစ်ဘက်စလုံးက သဘောထားရှိကြသလို နှစ်ဘက်စလုံးရဲ့ လုပ်ဆောင်ချက်တွေက ပြည်သူလူထုအပေါ် ထိခိုက်မှုတွေနဲ့ ဝန်ထုပ်ဝန်ပိုးတွေ မဖြစ်စေဖို့လည်း သဘောတူကြတယ်လို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောပါတယ်။

အပစ်ရပ် အာစီအက်စ်အက်စ်နဲ့ တပ်မတော်အကြား နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲပြီးနောက် တိုက်ပွဲဖြစ်ခဲ့တာ အကြိမ် ၃၀ လောက်ရှိခဲ့ပြီဖြစ်ပါတယ်။ တိုက်ပွဲနယ်မြေတွေအတွင်း အရပ်သားအချို့ ဖမ်းဆီးခံရမှုတွေလည်း ရှိခဲ့သလို နယ်မြေသတ်မှတ်မှုတွေလည်း မလုပ်နိုင်ခဲ့ပါဘူး။

စက်တင်ဘာလ ၁၁ ရက်နေ့ တွေ့ဆုံမှုမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းဘက်က ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကိုယ်တိုင်တက်ရောက်ခဲ့သလို တပ်မတော်ဘက်ကတော့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့ပါတယ်။

အဲဒီနေ့ မနက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုမှာတော့ယုံကြည်မှု တည်ဆောက်နိုင်ရေး တင်းမာမှုတွေ လျှော့ချနိုင်ရေး မူးယစ်ဆေးဝါး တိုက်ဖျက်မှုတွေ ပြုလုပ်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။