အကောင်အထည်ဖော်ရေး ကော်မတီ အရင်ဆုံး ဘာ လုပ်မလဲ

ဓာတ်ပုံ မူပိုင် Information Committee Facebook
Image caption မကြာခင် ကွင်းဆင်းလေ့လာပြီး လက်တွေ့ကျတဲ့ စီမံကိန်းတွေ ရေးဆွဲမယ်လို့ဆို

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းတွေ စတင် ဆောင်ရွက်နိုင်ရေး ပထမဆုံး အစည်းအဝေးကို စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီမှာ ပါဝင်တဲ့ ဝန်ကြီး ဌာနတွေအလိုက် နှစ်ပတ်အတွင်းမှာ လက်တွေ့ကျတဲ့ ဦးစားပေး လုပ်ငန်းတွေ လုပ်ဆောင်မယ့် စီမံချက်တွေ ရေးဆွဲဖို့နဲ့ အဲဒါတွေကို ကော်မတီက မဟာဗျူဟာ စီမံချက် အဖြစ် စုစည်းပြီး ဦးစားပေး အချက်အလိုက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားမယ်လို့ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။

လက်တွေ့ကျတဲ့ စီမံကိန်း ရေးဆွဲဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ဘာသာရပ် အလိုက် မကြာခင် ကွင်းဆင်းလေ့လာ သွားမယ်လို့ သူက ပြောပါတယ်။

အဲဒီကော်မတီက ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင် အရေး စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက် တွေနဲ့ ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။

အကြံပြုချက် အားလုံးကို အကောင် အထည်ဖော်မှာ မဟုတ်ဘဲ လက်ရှိ အခြေအနေနဲ့ အပ်စပ်ပြီး ပြည်သူတွေ အတွက် အမှန်တကယ် အကျိုးရှိမယ့် အချက်တွေကိုသာ အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ကိုဖီအာနန် ကော်မရှင်က အကြံပြုခဲ့တဲ့ ပြန်လည် နေရာချထားရေး ဆိုတဲ့ အပိုင်းမှာ အရင်က အခြေအနေနဲ့ အခု အခြေအနေ မတူတော့ကြောင်းနဲ့ အရင်က ဒုက္ခသည် စခန်းမှာ ရှိနေခဲ့ကြသူ တွေကို ပြန်လည် နေရာ ချထားရေး ဆိုတာထက် အခု ထိတ်လန့် ကြောက်ရွံ့ပြီး လုံခြုံ စိတ်ချရတဲ့ နေရာတွေမှာ ခိုလှုံ နေကြသူတွေ သူတို့ ရွာတွေဆီ ပြန်နိုင်ဖို့ ရမရ ကြည့်ရှု ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရာမှာ ဒုက္ခရောက်နေသူ အားလုံးကို စေတနာရှင် နိုင်ငံတွေရဲ့ အကူအညီနဲ့ ဆောင်ရွက်နေပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး သွားကြသူတွေ ပြန်လာနိုင်ရေး အတွက်လည်း စနစ်တကျ စိစစ် ဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။