ပြည်တွင်းပြည်ပ အမြင်မတူ - ဦးဝင်းမရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ထွက်ပြေးရင် လှေမှောက်ရာမှာ ရက် ၄၀ အရွယ် တူဖြစ်သူ သေဆုံးလို့ ငိုကြွေးနေသူ ရိုဟင်ဂျာ အမျိုးသမီးတဦး

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မနေ့က စက်တင်ဘာလ ၁၃ ရက်နေ့မှာ တံခါးပိတ် အစည်းအဝေးပြုလုပ်ပြီး အဖွဲ့ဝင်အားလုံး တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

စစ်ဆင်ရေးဆောင်ရွက်မှုနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ပေးဖို့၊ လူသားအရေးကူညီထောက်ပံ့မှုတွေကိုလက်ခံဖို့၊ ကိုဖီအန်နန်ကော်မရှင် ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။

အစည်းအဝေးအပြီးမှာ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂုတာရက်က ရှင်းလင်းပြောကြားရာမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို နိုင်ငံသားပေးဖို့ ထွက်ပြေးသူတွေကို ပြန်လာခွင့်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌလည်း ဖြစ်ပြီး ကိုဖီအာနန် ရခိုင် ကော်မရှင် အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဦးဝင်းမရကတော့ နိုင်ငံတကာနဲ့ မြန်မာအစိုးရကြားမှာ အမြင်ကွဲလွဲမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့က သူ့အခေါ် သောင်ကျန်းသူကို တိုက်ခိုက်နှိမ်နင်းတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အရပ်သား ၄ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတာကလည်း ဘာ့ကြောင့် ထွက်ပြေးတယ်ဆိုတာ သေသေချာချာ မသိရဘဲ အလွန်ရှုပ်ထွေးတယ်လို့ သူက ဆိုပါတယ်။ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု ကြောင့် ထွက်ပြေးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အတွင်းရေးမှူးချုပ်က ရိုဟင်ဂျာမွတ်ဆလင်တွေကို နိုင်ငံသားပေးဖို့ တိုက်တွန်းတာနဲ့ပတ်သက်ရင်တော့ ဦးဝင်းမရကိုယ်တိုင် ပါဝင်တဲ့ ကိုဖီအာနန် ရခိုင်ကော်မရှင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေနဲ့ စိစစ် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပေးချက်ဖြစ်တဲ့ နိုင်ငံသားဥပဒေ ပြင်ဆင်ရေးကတော့ အကြံပြုချက်မျှသာ ဖြစ်တဲ့အတွက် အစိုးရဘက်က လိုက်နာဖို့ မသေချာဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ငဲ့ကွက်နေရလို့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးကြားမှာ အကျပ်အတည်းတွေ့နေသလားလို့ ဘီဘီစီက မေးရာမှာတော့ တတ်နိုင်သမျှ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ရခိုင်ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးဝင်းမရက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ