တပ်က ရွာတွေ မီးရှို့တယ်လို့ Amnestyဆို

ဓာတ်ပုံ မူပိုင် AMNESTY INTERNATIONAL
Image caption မီးလောင်ရွာတွေကို ပြတဲ့ဂြိုဟ်တုပုံများ

Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာ ကျေးရွာတွေကို မီးရှို့နေတယ်ဆိုတဲ့ ဂြိုဟ်တု ဓါတ်ပုံတွေ ထုတ်ပြန် လိုက်ပါတယ်။

ဒါဟာ လုံခြုံရေးတပ်ဖွဲ့တွေက လူနည်းစု ရိုဟင်ဂျာ မွတ်စလင်တွေကို တိုင်းပြည်ကနေ မောင်းထုတ်နေတယ်ဆိုတဲ့ အထောက်အထားပဲလို့ AIက ပြောပါတယ်။

'ရခိုင်ပြည်နယ်ဟာ ပြင်ပကမ္ဘာနဲ့လုံးဝနီးပါး အဆက်အသွယ် ဖြတ်ထားခံရပါတယ်။ ဒါကြောင့် ကျူးလွန်မှုတွေကို နည်းအမျိုးမျိုးနဲ့ မှတ်တမ်း တင်ရပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့သူတွေကို ဖုန်းကတဆင့်ပြောပြီး ဘင်္ဂလားဒေ့ရှ် ဘက်ကိုထွက်ပြေး လာတဲ့ အလွန်များပြားတဲ့ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံပြီးမေးပါတယ်။ အကြီးအကျယ် မီးလောင်နေတာကို ထောက်လှမ်းနိုင်တဲ့ဂြိုဟ်တု ဓါတ်ပုံတွေလည်း သုံးပါတယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာ ရောမြန်မာ ဘက်ကပါလာတဲ့ ဗီဒီယိုတွေနဲ့ ဖုန်းနဲ့ရိုက်တဲ့ပုံတွေကို စိစစ်လေ့လာပါတယ်' လို့ အထောက် အထားရယူပုံကို AIသုတေသန အရာရှိ ကပြောပါတယ်။

AIရဲ့ဒါရိုက်တာ တီရာနာ ဟာဆန်ကလည်း မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ရခိုင်ပြည် မြောက်ပိုင်းကို မီးတင်ရှို့နေတဲ့ မငြင်းနိုင်တဲ့ အထောက်အထား ဖြစ်ပြီးဒါဟာ ရိုဟင်ဂျာတွေကို မောင်းထုတ်တဲ့ လူမျိုးတုံး သုတ်သင် ရှင်းလင်းတာလို့ ဆိုပါတယ်။

သြဂုတ်လ၂၅ရက် အာဆာ အကြမ်းဖက် သမားတွေ ရဲစခန်းတွေကို ဝင်တိုက်ပြီး ကတည်းက လူနေအိမ်ခြေရှိတဲ့ နေရာတွေမှာ အကြီးအကျယ်မီးလောင်မှု ၈၀ထက်မနည်း ထောက်လှမ်းတွေ့ရှိတယ်လို့ AIကပြောပါတယ်။ပြီးခဲ့တဲ့၄နှစ်အတွင်း ဒီလောက်ကြီးမားတဲ့မီးလောင်မှုတွေ အခုလိုအချိန်မျိုးမှာ မတွေ့ဘူး သေးဘူးလို့လည်း အစီရင်ခံစာက ဆိုပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာတွေ ဟာသူတို့နေအိမ်ကို သူတို့မီးရှို့ပြီး တဖက်နိုင်ငံကို ထွက်ပြေးတာလို့ ပြောပါတယ်။ မြန်မာ့ တပ်မတော်ဘက်ကလည်းစစ်သွေးကြွတွေကို နှိမ်နင်းတာ ဖြစ်ပြီး အရပ်သားတွေကို ပစ်မှတ်ထားတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။

အခုအခါ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၄သိန်းလောက် ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေပြီး လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေ ချက်ခြင်းရပ်ဖို့နဲ့ ဒုက္ခရောက်နေတဲ့ သူတွေကို လူသားချင်း စာနာတဲ့ အကူအညီတွေကို အပြည့်အဝပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။