အသိုင်းအဝိုင်း နှစ်ခုစလုံးရဲ့ လုံခြုံရေး ဆောင်ရွက် ပေးနေတယ်လို့ပြော

ရခိုင်မြောက်ပိုင်း
ဓာတ်ပုံ ပုံစာ,

မေယုမြစ်ထဲ ကင်းလှည့်နေ

ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ နယ်မြေတွေမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့ တွေက နယ်မြေ ရှင်းလင်းရေး ဆက်လက် လုပ်ဆောင် နေဆဲ နေရာတွေ ရှိသလို၊ နယ်မြေ စိုးမိုး နိုင်ပြီး နေရာတွေမှာလည်း အသိုင်းအဝိုင်း နှစ်ဘက်စလုံး လုံခြုံမှု ရှိနိုင်ဖို့ လုပ်ဆောင် နေတယ် ဆိုပြီး မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ အကြီးအကဲက ပြောပါတယ်။

ထိတွေ့ တိုက်ခိုက်တာတွေ မရှိတော့တာ သီတင်း တစ်ပတ်ကျော် ရှိလာခဲ့ ပေမယ့် လက်နက်ကိုင်တွေ မြန်မာ နိုင်ငံထဲ လုံးဝ မရှိတော့ဘူးလို့ တပ်အပ် မပြော နိုင်သေးကြောင်း ရဲမှုးချုပ် သူရ စန်းလွင်က ဘီဘီစီကို ပြောပါတယ်။

ဒေသခံ ရွာတွေ ဘက်က လက်နက်ကိုင် တွေကို အကူအညီ ပေးတာမျိုး မလုပ်ပဲ အစိုးရနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်တဲ့ အခြေအနေကို ရောက်မှသာ ရခိုင်မြောက်ပိုင်း လုံခြုံရေး စိတ်ချရမှာ ဖြစ်တယ်လို့လည်း သူရ စန်းလွင်က ဆိုပါတယ်။

နယ်ခြားစောင့် ကင်းစခန်း အခု ၃ဝ ဝန်းကျင်ကို ပြီးခဲ့တဲ့ လကပဲ အုပ်စုဖွဲ့ ချိန်ကိုက် တိုက်ခိုက်တာ ခံခဲ့ရပြီး တပ်ဖွဲ့ဝင် တချို့ ကျဆုံး ခဲ့ရပါတယ်။

လက်နက်ကိုင်တွေရဲ့ လှုပ်ရှားမှုတွေ၊ သင်တန်း ပေးနေတာမျိုးတွေကို တင်ကြို သတင်းတွေ ရရှိ ထားခဲ့တယ်လို့ လုံခြုံရေး အာဏာပိုင်တွေက ပြောနေတဲ့ ကြားကပဲ တိုက်ခိုက်မှုတွေ ပေါ်ပေါက် လာခဲ့တာ ပါ။

နယ်ခြား ကင်းစခန်းတွေရဲ့ ရှေ့လျှောက် လုံခြုံရေးနဲ့ ပတ်သက်ပြီး ကြိုတင် ဆောင်ရွက်တာတွေ ပြုလုပ်ဖို့ လုပ်ဆောင် နေတယ်လို့ သူရ စန်းလွင်က ပြောပါတယ်။

လက်ရှိ အချိန်မှာတော့ အစိုးရ စစ်တပ်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင် နေသလို နယ်ခြားစောင့်တပ်တွေကလည်း ဒေသခံတွေ လုံခြုံရေး အတွက် ဟန်ချက် ညီညီ လုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။