မြန်မာ ဓာတ်ပုံသတင်းထောက် နှစ်ဦး ဘာလို့ အဖမ်း ခံထားရတာလဲ

Image caption နယ်စပ်က ဒုက္ခသည် စခန်းတွေကို ဓာတ်ပုံရိုက်လို့ အဖမ်းခံထားရ

ဂျာမန် ဓာတ်ပုံ သတင်းဌာန GEO အတွက် အလုပ် လုပ် ပေးနေတဲ့ မြန်မာ ဓာတ်ပုံ သတင်းထောက် နှစ်ယောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘ်ဇက်ဘဇား နယ်ထဲ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေရဲ့ ဖမ်းဆီးထားတာ ခံနေရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့ ကစပြီး ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ နှစ်ယောက် အဖမ်းခံခဲ့ရတာ ဖြစ်တယ် ဆိုပြီး GEO က ဘီဘီစီကို အတည်ပြုပါတယ်။

သူတို့ ဘာ့ကြောင့် အဖမ်းခံ ထားရတာလဲ၊ ဘယ်လို အခြေအနေမှာ ရှိနေလည်း ဆိုတာကို GEO ရဲ့ ဓာတ်ပုံ သတင်းဌာနရဲ့ အကြီးအကဲ လာ့စ် လင်ဒါမင်ကို ဘီဘီစီက မေးမြန်းထားပါတယ်။

GEO ။ သူတို့ကို ဘယ်လို ပုဒ်မျိုးတွေ တပ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရက တရားစွဲ ထားသလဲ ဆိုတာ အတိတကျ မသိ ရသေးပါဘူး။ ကြားထားရ သလောက်တော့ ပြည်ဝင်ခွင့် ဗီဇာ လိမ်ည လျှောက်ထားလို့ အခုလို ပြဿနာမျိုး ကြုံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ နိုင်ငံထဲ သူလျိုလုပ်တယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက် နေပါတယ်။

ဘီဘီစီ။ ။ ဘာလို့ အဲဒီလို သူလျှို ဆိုပြီး စွပ်စွဲ ခံရတာလဲ။ သူတို့က ခင်ဗျားတို့ သတင်းဌာန အပြင် ဘယ်သူတွေ အတွက် အလုပ်လုပ်ပေးလို့လဲ။ မြန်မာ အစိုးရနဲ့ အဆက်အစပ် ရှိလို့လား။

GEO ။ လုံးဝ မရှိပါဘူး။ သူတို့ဟာ လူသိများတဲ့ ဓာတ်ပုံ သတင်းထောက်တွေပါ။ ကျနော်တို့ သတင်းဌာနက အလုပ်အပ်လို့ ဘင်္ဂလားဒေ့ရှ်ကို သွားတာပါ။ တခြား ဘယ်အဖွဲ့အစည်း အတွက်မှာ အလုပ်လုပ်ပေးတာမျိုး မရှိသလို၊ မြန်မာ အစိုးရနဲ့ ဆက်စပ် နေသူတွေလည်း မရှိပါဘူး။

ဘီဘီစီ။ ဘယ်လို သတင်း ဓာတ်ပုံမျိုးတွေ လိုချင်လို့ သူတို့ကို ဘင်္ဂလားဒေ့ရှ်ကို စေလွှတ် ခဲ့တာလဲ။

GEO ။ သူတို့ဟာ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး သတင်းယူနေကြသူတွေပါ။ ဒါ့ကြောင့် ကော့ဘ်ဇက်ဘဇားကို သူတို့ကို လွှတ်ပြီး၊ အဲဒီက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ဓာတ်ပုံ ရိုက်ခိုင်း ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် GEO
Image caption ဘန်ကောက် ကနေ ဒက္ကားကို လေယာဉ်နဲ့ဝင်

ဘီဘီစီ။ အခုန ပြောတဲ့ အထဲ ဗီဇာ ပြဿနာကြောင့် ဆိုတာ ပါတယ်။ သူတို့ ဘင်္ဂလားဒေ့ရှ်ထဲ ဘယ်လို ဝင်သွားတာလဲ။

GEO ။ သူတို့ဟာ ဘန်ကောက်ကနေ ဒါက္ကားကို လေယာဉ်နဲ့ ဝင်သွားကြတာပါ။ ဒါပေမယ့် ခရီးသွား တိုးရစ် ဗီဇာနဲ့ပါ။ ဒီအချက်ကြောင့် အခုလို ပြဿနာမျိုး ကြုံလာရတာ ဖြစ်နိုင်ပါတယ်။

ဘီဘီစီ ။ ဖမ်းခံထားရသူတွေ အနေနဲ့ အဲဒီမှာ ဥပဒေ ကိုယ်စားပြု ရှေ့နေလိုမျိုး ရှိလား။ သူတို့ အမှု ကိစ္စတွေ ခင်ဗျားတို့ ဘာတွေ ဆောင်ရွက် ပေးဖို့ ရှိလဲ။

GEO ။ ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ ကျနော်တို့ရဲ့ ရှေ့နေတွေနဲ့ ညှိနှိုင်းဆောင်ရွက် နေပါတယ်။ ဘယ်လို ပုဒ်မမျိုးတွေ တပ်ပြီး စွဲဆို ခံရသလဲ ဆိုတာ အတည်ပြု နိုင်ဖို့ အရင်ဆုံး ကြိုးစား နေပါတယ်။

အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေထဲ မြန်မာ သတင်းထောက် နှစ်ယောက် စွပ်စွဲ ခံနေရတာတွေထဲ သူလျှိုလုပ်မှု ဆိုတာလည်း ပါဝင် ခဲ့ပေမယ့် ကော့ဘ်ဇက်ဘဇားနယ်ရဲ့ ရဲမှုး ဒေါက်တာ အစ်ဂ်ဘာလ် ဟူစိန်ကတော့ အဲဒီ နှစ်ယောက်ကို ပြည်ဝင်ခွင့် ဗီဇာ ချိုးဖောက်မှုနဲ့ တရားစွဲထားတာ ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

သူတို့ကို အာမခံ ပေးဖို့လည်း တရားရုံးက ငြင်းပယ်ထားတယ် လို့လည်း အတည်ပြု ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ