မြန်မာ ဓါတ်ပုံ သတင်းထောက် ၂ ဦး ဖမ်းဆီး ခံရ

ဓာတ်ပုံ မူပိုင် GEO
Image caption ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ကနေ ဘင်္ဂလားဒေ့ရှ် ဘက်ကို လေကြောင်း နဲ့ ဝင်ရောက်

မြန်မာ ဓါတ်ပုံ သတင်းထောက်တွေဖြစ်တဲ့ ကိုမင်းဇေယျာဦး နဲ့ ကိုခွန်လတ် တို့ နှစ်ဦး ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်စ်ဘဇား မြို့မှာ အာဏာပိုင်တွေ ရဲ့ ဖမ်းဆီး ထိန်းသိမ်းမှု ကို ခံထားရပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး လာသူတွေ အကြောင်း ဓါတ်ပုံ သတင်းရယူဖို့ ဂျာမနီ နိုင်ငံက Geo မဂ္ဂဇင်းက တာဝန်ပေးမှု နဲ့ မြန်မာ ဓါတ်ပုံ သတင်းထောက် နှစ်ယောက် ရောက်ရှိ နေတာ ဖြစ်ပါတယ်။

မြန်မာ သတင်းထောက်တွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို သတင်းထောက် ဗီဇာနဲ့ မဟုတ်ဘဲ ခရီးသွား ဗီဇာနဲ့ ဝင်လာတာဖြစ်ပြီး စစ်ဆေး ကြည့်ရာမှာ အထောက်အထား အမှားတွေ တွေ့ရတယ်လို့ ရဲက ပြောပါတယ်။

ဓါတ်ပုံ သတင်းထောက် နှစ်ယောက်ဟာ သတင်း မီဒီယာ သမား ဗီဇာ နဲ့ ဝင်ရောက်လာတာ မဟုတ်တဲ့ အတွက် တရားစွဲ ဆို ခံထားရတာ ဖြစ်ကြောင်း၊ သူတို့ကို စက်တင်ဘာ ၇ ရက်နေ့မှာ သူလျို မှု နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး တရားရုံး က အာမခံပေးဖို့ ငြင်းဆို ထားကြောင်း သူတို့ရဲ့ အမှု ကိုလိုက်ပါ ဆောင်ရွက် ပေးနေသူ ရှေ့နေက ပြော ပါတယ်။

နိုင်ငံထဲကို ဝင်ရောက်ပြီး သူလျို လုပ်နေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ တရားစွဲဆို ထားကြောင်း သတင်းတွေ ရရှိထားတယ်လို့ GEO မဂ္ဂဇင်း တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေ နဲ့ ပတ်သက်လို သတင်းရယူဖို့ စေလွှတ် ထားတာ ဖြစ်တယ်လို့လည်း GEO ဘက် က ပြောပါတယ်။

ဓါတ်ပုံ သတင်းထောက် နှစ်ယောက် ဟာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ကနေ ဘင်္ဂလားဒေ့ရှ် ဘက်ကို လေကြောင်း နဲ့ ဝင်ရောက်သွားကြတာ ဖြစ်ပါတယ်။

သူတို့ တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်း ထားမှု အတွက် စိုးရိမ်ပူပန်မိကြောင်း မိခင် သတင်းဌာနတွေက ကြေညာ ချက် ထုတ်ပြန်ပါတယ်။

သတင်းထောက် နှစ်ယောက် ဖမ်းဆီး ခံရမှု အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရ ကို မေးမြန်း ထားကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့် ရှိသူ ဉီးဇော်ဌေး က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။