TNLA နယ်မြေမှာ သတင်းသွားယူတဲ့ သတင်းထောက်တွေ အမှု ပိတ်သိမ်း

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မတရားသင်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ အမှုမြောက်အောင် သက်သေမပြနိုင်ဘူးလို့ ရှေ့နေဆို

တပ်မတော်က သတင်းမီဒီယာ သမားတွေအပေါ် တရားစွဲထားတဲ့ အမှုတွေကို အပြီးတိုင် ရုပ်သိမ်းပေးနေရာမှာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မနဲ့ တရားစွဲထားတဲ့ သတင်းထောက် ၃ ယောက်အမှုကို စက်တင်ဘာလ ၁၅ ရက်နေ့က အပြီး ရုပ်သိမ်း ပေးလိုက်ပါတယ်။

TNLA တအာင်းလွတ်မြောက်ရေးတပ်ဖွဲ့ နယ်မြေမှာ သတင်းသွားယူခဲ့ကြတဲ့ ဒီဗီဘီသတင်းထောက် ကိုအေးနိုင်၊ ကိုပြည်ဘုန်းအောင်နဲ့ ဧရာဝတီ သတင်းထောက် ကိုလဝီဝမ်တို့ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ စွဲဆိုထားတာကို တရားလိုဘက်က အမှုရုပ်သိမ်းပေးလိုက်လို့ တရားရုံးက အမှုပိတ်သိမ်းကြောင်း အမိန့် ချခဲ့ပါတယ်။

TNLA အဖွဲ့က ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းနေတဲ့ အဖွဲ့ ဖြစ်လို့ ငြိမ်းချမ်းရေး ထိခိုက်မခံနိုင်တဲ့ သဘောနဲ့ တရားရုံးက အမှု ရုပ်သိမ်းခွင့် ပြုလိုက်တာလို့ သတင်းထောက်တွေရဲ့ ဥပဒေ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

အမှုစစ်ဆေးပြီးသလောက် အခြေအနေမှာလည်း တရားလိုနဲ့ တရားလိုပြ သက်သေတွေက မတရားအသင်းဆက်သွယ်တယ်ဆိုတဲ့ အမှုမြောက်အောင် သက်သေပြနိုင်တာမျိုး မရှိဘူးလို့ သူက ပြောပါတယ်။

အမှုပိတ်သိမ်းလိုက်ပေမယ့် သတင်းထောက်တွေဆီက သိမ်းယူထားတဲ့ ကင်မရာ၊ လက်ကိုင်ဖုန်း၊ ခရီးဆောင် ကွန်ပြူတာတွေ ကတော့ တရားရုံးလုပ်ထုံးအရ အယူခံ ပိုင်ခွင့် ရက်ကန့်သတ်ချက် အတိုင်း ရက် ၃၀ ပြည့်မှ ထုတ်ယူရမယ်လို့သိရပါတယ်။

အလားတူ THE VOICE နေ့စဉ် သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို စွဲထားတဲ့ ပုဒ်မ နှစ်ခုထဲက မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ)နဲ့ စွဲဆိုထားတဲ့ အမှုကို စက်တင်ဘာလ ၁၄ ရက်နေ့က ဗဟန်း တရားရုံးက ရုပ်သိမ်းပေးခဲ့ ပါတယ်။

ကျန်နေသေးတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့ အစွဲခံထားရတဲ့ အမှု ကလည်း မကြာခင် ပိတ်သိမ်းကြောင်း အမိန့်ချမှတ်ဖွယ်ရှိပါတယ်။

ဦးကျော်မင်းဆွေ ကတော့ ၆၆ ဃ ပုဒ်မဟာ သတင်းမီဒီယာ သမားတွေအတွက် သတင်းစီးဆင်းမှုမှာ အဟန့်အတား အနှောင့်အယှက် ဖြစ်နေတာကြောင့် မီဒီယာသမား တွေနဲ့ပတ်သက်ရင် မီဒီယာဥပဒေနဲ့ပဲ စွဲဆို သင့်တယ်လို့ ပြောပါတယ်။

အလဲဗင်းသတင်း ဌာနကအယ်ဒီတာချုပ် ဦးဝေဖြိုးကို ဝန်းသိုမြို့မှာ တပ်မတော်က စွဲဆိုထားတဲ့ အမှုကိုလည်း ရုပ်သိမ်းပေးပြီးဖြစ်ပါတယ်။