ဘင်္ဂလားဒေ့ရှ်မှာ ဖမ်းထားတဲ့ သတင်းထောက်တွေ ကိစ္စ ညှိနေ

ဓာတ်ပုံ မူပိုင် NYEIN CHAN NAING
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုခွန်လတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဆက်ဘဇားမှာ အဖမ်းခံရတဲ့ မြန်မာ ဓာတ်ပုံသတင်းထောက် (၂)ဦး နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သံရုံးကို ဆက်သွယ် မေးမြန်းတာတွေ လုပ်နေတယ် လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်းထောက်တွေ ပြန်လွှတ်ပေးဖို့ သတင်းမီဒီယာအဖွဲ့ တွေက ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ကြပြီး အာဏာပိုင်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဂျာမန် ဓာတ်ပုံသတင်းဌာန GEO အတွက် အလုပ်လုပ်နေတဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကနေ ထွက်ပြေးလာသူတွေ အကြောင်း ဓာတ်ပုံသတင်း ယူရင်း ဘင်္ဂလားဒေ့ရှ် မှာ အရင်ပတ် ကြာသပတေးနေ့က အဖမ်းခံခဲ့ ရတာ ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်က ဖြစ်စဉ်သိသိချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကို တရားဝင် မေးမြန်းထားပြီး ရန်ကုန်မှာ ရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံရုံးနဲ့ ဒါကာမှာ ရှိတဲ့ မြန်မာသံရုံးကို ချိတ်ဆက် ဆောင်ရွက်နေတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ သတင်းထောက်ဗီဇာနဲ့ မဟုတ်ဘဲ ခရီးသွားဗီဇာနဲ့ ဝင်လာတဲ့အတွက် သူတို့ကို သူလျှိုလုပ်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ရဲတွေက အမှုဖွင့်ထားပါတယ်။

လာမယ့် အပတ်ထဲမှာ သူတို့ကို ရုံးထုတ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ကိုမင်းဇေယျာဦးရဲ့ ဇနီးကတော့ အဖမ်းခံထားရသူ (၂)ဦးလုံး ဘင်္ဂလားဒေ့ရှ်မှာ အဆင်ပြေပြေ ရှိနေပြီး အမှုနဲ့ ပတ်သက်လို့ လောလောဆယ်မှာ မပြောနိုင်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

သတင်းမီဒီယာ ကောင်စီက သူတို့အနေနဲ့ တတ်နိုင်သမျှ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောပါတယ်။

တာဝန်ခံ ခိုင်းစေတဲ့ ဂျီအီးအိုကတော့ ဥပဒေကြောင်းအရ ကိုယ်စားပြုတဲ့ ရှေ့နေတွေက ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ မီဒီယာ အဖွဲ့တွေ ဖြစ်တဲ့ နိုင်ငံခြားသတင်းထောက်များအသင်း၊ မြန်မာ ဂျာနယ်လစ်ကွန်ယက် ၊ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း နဲ့ ပန်မြန်မာ အဖွဲ့တွေကလည်း ကန့်ကွက်ခဲ့ပြီး သတင်းထောက် (၂)ဦး နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ အလျင်အမြန် ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ စာတွေ ထုတ်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ