အကြမ်းဖက်တွေ ခြေကုပ်ယူဖို့ ကြိုးစားနေတယ်လို့ စစ်တပ်အကြီးအကဲ ပြော

Image caption သူဦးဆောင်တဲ့ စစ်တပ်က အရပ်သားတွေကို ပစ်မှတ် ထားနေတယ်လို့ နိုင်ငံတကာက ပြစ်တင်နေ

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ရိုဟင်ဂျာ ဒုက္ခသည်တွေ သိန်းနဲ့ချီ ထွက်ပြေးလာကြရတဲ့ အထိ ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာဟာ ရိုဟင်ဂျာတွေ အပေါ်မှာပဲ အဓိက တာဝန် ရှိတယ် ဆိုပြီး မြန်မာ စစ်တပ် အကြီးအကဲက ပြစ်တင် လိုက်ပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား မျိုးနွယ်စု ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူးလို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောတဲ့အပြင်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစွန်းရောက် သမားတွေ ခြေကုပ်ယူနိုင်ဖို့ ကြိုးစား နေတယ် လို့လည်း ဆိုပါတယ်။

ဒါပေမယ့် သူဦးဆောင်တဲ့ မြန်မာ စစ်တပ်က အရပ်သားတွေကို ပစ်မှတ် ထားနေတဲ့ အတွက် ရိုဟင်ဂျာ တွေ ထွက်ပြေး နေကြရတာ ဖြစ်တယ်လို့ နိုင်ငံတကာက စွပ်စွဲ ပြစ်တင် နေပါတယ်။

မြန်မာ အာဏာပိုင်တွေကတော့ နိုင်ငံတကာ ဝေဖန်မှုတွေကို ငြင်းဆန်နေပြီး၊ လက်နက်ကိုင် တွေရဲ့ တိုက်ခိုက်လာမှုကို တုံ့ပြန် နေရတာသာ ဖြစ်တယ်လို့ ပြောနေပါတယ်။

ဩဂုတ်လ ၂၅ ရက်နောက်ပိုင်း ဘင်္ဂါလီ အကြမ်းဖက်တွေလို့ ညွှန်းဆို ခေါ်ဝေါ်ထားတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်ကြား ထိတွေ့ တိုက်ခိုက်မှု ၉၃ ကြိမ် ရှိခဲ့တယ်လို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာမှာ တနင်္ဂနွေနေ့တုန်းက ရေးသားခဲ့ပါတယ်။

Image caption နောက်ဆုံး အခွင့်အရေး ရှိနေသေးတယ်

ဒေါ်အောင်ဆန်းစုကြည်ကို ကုလအကြီးအကဲ ပန်ကြား

ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး အလုံးစုံ ထိတ်လန့်ဖွယ် အခြေအနေမျိုး ရောက်မသွားအောင် စစ်တပ်က ပြုမူနေတာတွေကို ဟန့်တားဖို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နောက်ဆုံး အခွင့်အရေး ရှိနေသေးတယ် ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်ထော်ညူ ဂူထာရက်ရှ်က သတိပေး ထားပါတယ်။

အင်္ဂါနေ့ကျရင် တိုင်းပြည်ကို ပြောမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲ စစ်တပ်ရဲ့ ထိုးစစ်တွေကို ရပ်နားဖို့ အကြောင်းပါ ထည့်သွင်း ပြောကြားဖို့ မစ္စတာ ဂူထားရက်ရှ်က တိုက်တွန်းခဲ့ပြီး၊ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပျက်ကွက်ခဲ့ရင် အနာဂတ်မှာ ဘယ်ပုံဘယ်နည်း ပြန်လည် အဖတ်ဆယ်နိုင်မယ် ဆိုတာ သူ့အနေနဲ့ လမ်းမမြင်မိဘူး လို့လည်း ကုလသမဂ္ဂ အကြီးအကဲက ဆိုပါတယ်။

နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ မဟုတ်ပဲ၊ ရခိုင်ပြည်နယ် အကြပ်အတည်း ပြဿနာဟာ သတင်း အချက်အလက် အမှား အစုလိုက် အပုံလိုက်ရဲ့ ဒဏ်ကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေရတယ် ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ထဲက ဒုက္ခသည်တွေ အခြေအနေ

အခု သီတင်းပတ်တွေ အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ရောက်လာကြတဲ့ ဒုက္ခသည် အရေအတွက် ၄ သိန်းကျော် ရှိနေပြီး၊ သူတို့ရဲ့ သွားလာမှုကို ထိန်းချုပ် ကန့်သတ်မယ့် အစီအစဉ်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လောလောလတ်လတ်မှာပဲ ကြေညာ ထားပါတယ်။

ကော့ဇ်ဆက်ဘားဇားမြို့ အနီး လူ ၄ သိန်း စာအတွက် ယာယီ နေရာထိုင်းခင်းတွေ ဆောက်လုပ် ပေးမယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ဆိုပါတယ်။

Image caption စောင့်ရှောက်မှုတွေ အဘက်ဘက်မှာ အရေးတကြီးနဲ့ ပမာဏများများ လိုအပ်နေ

ကော့ဇ်ဆက်ဘားဇားမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို သွားခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ အဖွဲ့ရဲ့ ပြောခွင့်ရ ယန်တီ အစ္စမေးလ်ရဲ့ အဆိုအရ အရေးပေါ် နေရာထိုင်ခင်းတွေ၊ အစားအစာနဲ့ သန့်ရှင်းတဲ့ ရေတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ အဘက်ဘက်မှာ အရေးတကြီးနဲ့ ပမာဏများများ လိုအပ်နေတယ်လို့ ပြောပါတယ်။

အဲဒီမှာ ကူညီ ကယ်ဆယ်ရေးတွေ လုပ်ဆောင် နေကြသူတွေရဲ့ အဆိုအရ မြန်မာ နိုင်ငံ ဘက်ခြမ်းကနေ မိဘဆွေမျိုး မပါရှိပဲ ထွက်ပြေး ရောက်ရှိ လာတဲ့ ကလေးသူငယ် အရေအတွက် တွေ့ရှိ ထားရသမျှ တစ်ထောင့်သုံးရာ နီးပါး ရှိနေပြီလို့ ပြောပါတယ်။

မိဘတွေ အသတ် ခံခဲ့ရတယ်လို့ ပြောကြတဲ့ ကလေးတချို့ ရှိသလို၊ ထွက်ပြေးရင်း လူချင်းကွဲ သွားခဲ့တယ်လို့ ပြောတဲ့ ကလေးတွေလည်း ရှိတယ်လို့ အဲဒီမှာ ရှိနေတဲ့ ကုလသမဂ္ဂ ကလေးသူငယ်များ ဆိုင်ရာ အေဂျင်စီ ယူနီဆက်ဖ် အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ