ဘင်္ဂလားဒေ့ရှ်မှာ အဖမ်းခံထားရတဲ့ သတင်းထောက်တွေ ရှေ့နေနဲ့ တွေ့ခွင့်မရ

ဓာတ်ပုံ မူပိုင် GEO
Image caption ရှေ့နေနဲ့ တွေ့ဆုံခွင့် မရ

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ဖမ်းဆီး ခံထားရတဲ့ မြန်မာ ဓာတ်ပုံ သတင်းထောက် နှစ်ယောက်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သူတို့ရဲ့ ရှေ့နေနဲ့ တွေ့ဆုံခွင့် မပေးခဲ့ဘူး ဆိုပြီး သတင်းထောက် နှစ်ယောက် အလုပ်လုပ် ပေးနေတဲ့ ဂျာမန် မဂ္ဂဇင်း GEO က ပြောပါတယ်။

ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ဟာ စက်တင်ဘာ ၇ ရက်နေ့ ကတည်းက ကော့စ်ဆက်ဘဇား မြို့မှာ ရဲတွေရဲ့ ဖမ်းဆီး ထိန်းသိမ်းတာ ခံခဲ့ရပေမယ့် ၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ စက်တင်ဘာ ၁၃ ရက်နေ့မှာ ဖမ်းခဲ့တယ်လို့ ဖော်ပြ ထားတဲ့ အပေါ် မှာလည်း စိုးရိမ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ သတင်းထောက် နှစ်ယောက်ရဲ့ အခြေခံ အခွင့်အရေး ချိုးဖောက် ခံရမှု အပေါ် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဘက်က ဖုံးကွယ် လိုတဲ့ သဘော ဖြစ်နေတယ် ဆိုပြီး မဂ္ဂဇင်း GEO နဲ့ ကိုမင်းဇေယျာဦး အဖွဲ့ဝင် အဖြစ် ပါဝင်တဲ့ ဗြိတိသျှ ဓာတ်ပုံ အသင်း Panos Pictures တို့က ပူးတွဲ ကြေညာပါတယ်။

GEO မဂ္ဂဇင်းက အလုပ်အပ်တဲ့ အတွက် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေကို မှတ်တမ်းတင်ဖို့ ကိုမင်းဇေယျာဦးဟာ သူ့ရဲ့ လက်ထောက်ဖြစ်သူ ကိုခွန်လတ်တို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့ ဓာတ်ပုံသတင်းထောက်တွေ ကောင်းကောင်းမွန်မွန် ရှိရဲ့လား ဆိုတာ တိတိကျကျ သိနိုင်ဖို့ ရှေ့နေနဲ့ တွေ့ခွင့်ပေးပါဆိုပြီး GEO မဂ္ဂဇင်းနဲ့ Panos Pictures အဖွဲ့တို့က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို တိုက်တွန်း နေပါတယ်။