ရိုဟင်ဂျာ အရေး ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံတကာ ဖိအား ပိုများလာ

Image caption ဒေါ်အောင်ဆန်းစုကြည်လည်း ဦးဆောင် ဦးရွက်ပြုပြီး ဆောင်ရွက်ပြမှ ဖြစ်မယ်

မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ အရပ်သားတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက် နေတာတွေ ရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပိုမို ဆောင်ရွက်သင့်တယ် ဆိုပြီး ပြင်သစ်နဲ့ ဗြိတိန် နိုင်ငံတွေက တိုက်တွန်း လိုက်ပါတယ်။

ရိုဟင်ဂျာတွေ အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အစည်းအဝေးမှာ ဆွေးနွေးကြတဲ့ အခါ ဥက္ကဌ အဖြစ် ဆောင်ရွက်မယ့် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်က သတ်ဖြတ်မှုတွေ ရပ်မှ ဖြစ်မယ် ဆိုပြီး ပြောပါတယ်။

ဒီလို ရပ်တန့်ဖို့ ဆိုတာ မြန်မာ အစိုးရ စစ်တပ်မှာ တင်မက ဒေါ်အောင်ဆန်းစုကြည်လည်း ဦးဆောင် ဦးရွက်ပြုပြီး ဆောင်ရွက်ပြမှ ဖြစ်မယ်လို့ မစ္စတာ ဂျွန်ဆင်က ပြောပါတယ်။

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြား ပြောဆို ဆွေးနွေးတာတွေ အကြိမ်ရေ တချို့ ပြုလုပ်ခဲ့တယ်၊ ရိုဟင်ဂျာတွေ အပေါ် ပြုမူ နေတာတွေဟာ အင်မတန် ရက်စက်ရာ ကျတယ်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ရဲ့ ဖြစ်လိုတဲ့ သဘောဆန္ဒတွေကို စစ်တပ်အပေါ် သက်ရောက်အောင် ကြိုးစား သင့်တယ်လို့ ဝန်ကြီး ဘောရစ် ဂျွန်ဆင်က ပြောပါတယ်။

Image caption လူသားတွေရဲ့ ဝမ်းနည်းဖွယ် ဖြစ်ရပ်တွေ

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ယန်-အီးဗ် လာ ဒရီယန်း ကလည်း ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ဒီကနေ့ (စက်တင်ဘာ ၁၉ ရက်) ပြောမယ့် မိန့်ခွန်းထဲ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ခိုင်မာပြတ်သားတဲ့ ပြောဆိုမှု ပါဝင်လာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ အစိုးရရဲ့ အားထုတ် ကြိုးပမ်း နေတာတွေ နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောမယ်လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ထုတ်ပြန် ထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်ထော်ညူး ဂူထားရက်ရှ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဖြစ်တဲ့ စတယ်ဖန် ဒူဂျာရိခ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲ ဘာတွေ ပါဝင်မလဲ ဆိုတာ လူအများကို စောင့်ကြည့် နေကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

လူသားတွေရဲ့ ဝမ်းနည်းဖွယ် ဖြစ်ရပ်တွေ အနေနဲ့ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးကို ကြုံနေရတာ ဖြစ်တယ်လို့ မစ္စတာ ဒူဂျာရိခ်က ပြောပါတယ်။

Image caption အပြင်ထွက်ရင် ဖမ်းဆီးမယ်

ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေကြောင့် အခု သီတင်းပတ်တွေ အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ရိုဟင်ဂျာ ၄ သိန်း ကျော် ထွက်ပြေး ခဲ့ကြရပြီး၊ ယာယီ ဒုက္ခသည် စခန်းတွေထဲ လူတွေ ပြွတ်ကြပ် ပိတ်သိပ်ပြီး နေနေ ကြရပါတယ်။

သတ်မှတ်ထားတဲ့ နေရာတွေမှာသာ နေထိုင်ခွင့် ရှိပြီး အပြင်ထွက်ရင် ဖမ်းဆီးမယ် ဆိုပြီးတော့လည်း ဘင်္ဂလားဒေ့ရှ် ရဲတွေက ခြိမ်းခြောက်ထားပါတယ်။

ထွက်ပြေး သွားကြသူတွေ အနေနဲ့ မြန်မာနိုင်ငံကို ပြန်လာ နိုင်ပေမယ့်၊ ဘယ်လို စိစစ် သွားမလဲ ဆိုတာ ညှိနှိုင်း ဆွေးနွေး ရဦးမှာ ဖြစ်တယ် ဆိုပြီး နယူးယောက်မြို့ ကုလသမဂ္ဂမှာ ရောက်နေတဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ဦးသောင်းထွန်းက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင်၊ ရခိုင်ပြည်နယ်ထဲ လူသားချင်း စာနာ နားလည်တဲ့ အထောက်အပံ့တွေ လိုအပ်နေသူ မှန်သမျှကို ခွဲခြားမှု မရှိပဲ ကူညီ ထောက်ပံ့ သွားမယ်လို့လည်း ဦးသောင်းထွန်းက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ