ဒေါ်အောင်ဆန်းစုကြည် ရခိုင်ရေး မိန့်ခွန်းပြော

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption ရခိုင်တပြည်နယ်လုံး ပြန်လည်ထူထောင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်မယ်

မြန်မာအစိုးရဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာဘက်က အနီးကပ် လေ့လာဆန်းစစ်မှုတွေကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ စက်တင်ဘာ ၁၉ ရက်က ပြောပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်နေချိန်မှာ သံတမန်တွေကို ဖိတ်ကြားပြီး နေပြည်တော် မှာ ရခိုင်အရေးနဲ့ သက်ဆိုင်တဲ့ အစိုးရရဲ့ ဖြေရှင်း ဆောင်ရွက်နေမှုတွေနဲ့ ပြင်ဆင် ထားမှုအပေါ် အခြေပြုတဲ့ မိန့်ခွန်း ပြောဆိုရာမှာ ထည့်သွင်း ပြောဆိုတာပါ။

လူ့အခွင့်အရေး ချိုးဖောက်မှု မှန်သမျှကိုတော့ ရှုတ်ချကြောင်း ပြောဆိုပြီး ရခိုင် တပြည်နယ်လုံးရဲ့ ပြန်လည်ထူထောင်ရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်နဲ့ မွတ်ဆလင် အသိုင်းဝိုင်းနှစ်ခု ထဲအတွက်ပဲ လူ့အခွင့်အရေးက အရေးကြီးတာ မဟုတ်သလို တခြား ဒိုင်းနက် ၊ မြို ၊ သက် ၊ မရမာကြီး စတဲ့ မျိုးနွယ်စု တိုင်းရင်းသား တွေလည်း ရှိသေးတဲ့အတွက် သူတို့ကိုလည်း အကာအကွယ် ပေးဖို့ လိုတယ်၊ သူတို့တွေလည်း ထိခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒုက္ခသည် စခန်းက ရိုဟင်ဂျာတွေ

မွတ်ဆလင်တွေ သိန်းနဲ့ချီ ထွက်ပြေးနေတယ်လို့ သတင်းတွေက ဆိုပေမယ့် မွတ်ဆလင် ၅ဝ ရာခိုင်နှုန်းကျော်ဟာ ပဋိပက္ခဇုန် ထဲမှာပဲ နေထိုင်နေကြဆဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံတကာက လေ့လာသူတွေ ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတဲ့ အဲဒီအချက်အပေါ် ထောက်ပြ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ တဘက်နိုင်ငံ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်စိစစ် လုပ်ငန်းစတင်ဖို့ ဘယ်အချိန်မှာ မဆို အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မီးလောင်ထားတဲ့ အိမ်တွေ ထွက်ပြေးနေကြမှုတွေကို ကမ္ဘာအနှံ့က မိတ်ဆွေတွေအနေနဲ့ ကြည့်ပြီး စိုးရိမ်ပူပန်မယ် ဆိုတာ နားလည်သော်လည်း စက်တင်ဘာလ ၅ ရက် နောက်ပိုင်း နယ်မြေရှင်းလင်းမှုနဲ့ ပဋိပက္ခတွေက မရှိတော့ဘူး လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

အရေးယူမှုတွေ မလုပ်ခင်မှာ နှစ်ဘက် အပြန်အလှန် စွပ်စွဲမှုတွေ အတွက် နားထောင်ဖို့ လိုအပ်သလို အဲဒီလို စွပ်စွဲမှုတွေဟာ အရေးယူမှု ပြုလုပ်နိုင်ဖို့ အတွက် ခိုင်မာတဲ့ အထောက်အထား တွေ ရှိနေဖို့လည်း လိုတယ် လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အရာရှိကတော့ ရခိုင်ပြည်နယ်က မွတ်ဆလင် တွေအပေါ် မြန်မာစစ်တပ်ရဲ့ ဆောင်ရွက်မှု တွေဟာ မျိုးနွယ်စု မျိုးသုဉ်းရေး အတွက် ဆောင်ရွက်နေတဲ့ပုံနဲ့ တူညီနေတယ်လို့ ပြောဆို ထားပါတယ်။

ဓာတ်ပုံ မူပိုင် NYEIN CHAN NAING
Image caption မိန့်ခွန်းစောင့်မျှော် နားထောင်ကြသူတွေ

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမအစိုးရရဲ့ သက်တမ်းက ၁၈ လ ဆိုတာ နုနယ်သေးတဲ့အတွက် အခက်အခဲနဲ့ စိန်ခေါ်မှုတွေ အားလုံးကို ကျော်လွှားနိုင်ဖို့ မလွယ်တဲ့အကြောင်းလည်း ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းရာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာကို လက်ခံ ဆောင်ရွက် သွားမှာဖြစ်သလို ရခိုင်ပြည်နယ် တည်ငြိမ်ရေး အတွက် ဆောင်ရွက် ရာမှာ နိုင်ငံတကာ ပူးပေါင်း ပါဝင်ဖို့လည်း သူမက ဖိတ်ခေါ်ပါတယ်။

မနှစ်က တိုက်ခိုက်မှုအပြီးမှာ ၇ လလောက် တော်တော် တည်ငြိမ်ခဲ့တယ်၊ ဩဂုတ် ၂၅ တိုက်ခိုက်မှုအပြီး ARSA နဲ့ သူတို့ကို အားပေးသူ တွေကိုတော့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူမယ်လို့ ကြေညာ ခဲ့ပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင် တွေကို စစ်သည် ကျင့်ဝတ်တွေကို လေးစား လိုက်နာဖို့ ညွန်ကြားခဲ့သလို အရပ်သားတွေကို ထိခိုက်မှု မရှိအောင်ပါ ညွှန်ကြားခဲ့တယ်လို့ ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ