မာရီယာ မုန်တိုင်း အင်အားပြင်းထန်လာ

ဓာတ်ပုံ မူပိုင် Reuters
Image caption တနာရီ မိုင် ၁၅၀ ကျော်နဲ့ ဒိုမီနီကာ ကို တိုက်ခတ်သွား တာကြောင့် နိုင်ငံ တဝန်း အကြီး အကျယ် ပျက်စီး မှုတွေ ရင်ဆိုင် နေကြရ

ကာရေဘီယံ အရှေ့ပိုင်း ကျွန်းနိုင်ငံ တခုဖြစ်တဲ့ ဒိုမီနီကာ နိုင်ငံကို အပြင်း အထန် တိုက်ခတ် သွားတဲ့ မာရီယာ ဟာရီကိန်း မုန်တိုင်းဟာ အရှိန်ပို ကောင်းလာပြီး၊ အခု ဆိုရင် ပြင်းအား အဆင့် ၅ အထိ ရောက်ရှိနေ ပါတယ်။

လေတိုက် နှုန်း တနာရီ မိုင် ၁၅၀ ကျော်နဲ့ ဒိုမီနီကာ ကို တိုက်ခတ်သွား တာကြောင့် နိုင်ငံ တဝန်း အကြီး အကျယ် ပျက်စီး မှုတွေ ရင်ဆိုင် နေကြရ တယ်လို့ ဒိုမီနီကာ ဝန်ကြီးချုပ် ရုစ်စဗတ် စကက်ရစ်တ် ကပြောပါတယ်။

အခု ဆိုရင် နိုင်ငံ တခုလုံးမှာ အဆက် အသွယ်တွေ ပြတ်တောက် နေတဲ့ အတွက် စိုးရိမ် မှုတွေ တိုးပွားလာ နေပါ တယ်။

ဒိုမီနီကာ ကို ဝင်ရောက်တဲ့ အချိန်မှာ ပြင်းအား အဆင့် ၄ အထိ လျော့ကျ သွားပြီး အခု အခါ အနောက် တောင်ဘက် ပူရာတို ရီကို နဲ့ ဗာဂျင် ကျွန်းတွေကို ဦးတည် နေချိန် မှာတော့ အဆင့် ၅ ကို ရောက်ရှိ သွားတာ ဖြစ်ပါတယ်။

မုန်တိုင်းဟာ ယေဘုယျ အားဖြင့် အရင် အာရ်မာ မုန်တိုင်း လမ်းကြောင်း အတိုင်း ရွေ့လျား နေပြီး၊ လေတိုက်နှုန်း တနာရီကို မိုင် ၁၆၀ ရှိနေ ပါတယ်။

အမေရိကန် ပိုင် နယ်မြေ ဖြစ်တဲ့ ဒိုမီနီကာ အုပ်ချုပ်ရေးမှူး ကတော့ ကျွန်းမှာ ရှိကြတဲ့ လူ ၃ သန်း ခွဲ အနေနဲ့ မုန်တိုင်း ဒဏ် အတွက် ကြိုတင် အကာ အကွယ် တွေ လုပ်ထား ကြဖို့ ဆော်သြထား ပါတယ်။

ဗြိတိန် ပိုင် ဗာဂျင် ကျွန်းတွေ မှာတော့ တနင်္လာ နေ့ ညက၊ ည မထွက်ရ ကာဖျူး အမိန့် ထုတ်ပြန် ထားပြီး ဒေသခံ တွေ အနေနဲ့ မုန်တိုင်း တိုက်ခတ်လို့ မပြီး မချင်း အိမ်ထဲမှာ ပဲ နေကြဖို့ ပြောထား ပါတယ်။

အခုလ အစောပိုင်း ကလည်း အာရ်မာ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီး မှုတွေ ရှိခဲ့တာ ကြောင့် အခု မာရီယာ မုန်တိုင်း လေတိုက် နှုန်းကြောင့် အလွန် အမင်း အန္တရာယ် ရှိနိုင် မှာကို အရာရှိတွေက စိုးရိမ် နေကြ ပါတယ်။

Image caption ဟာရီကိန်း မုန်တိုင်း ပြင်းအား ပြပုံ