ကရင်ပြည်နယ်က မွတ်ဆလင်တွေ ခရီးသွားရင် ခွင့်ပြုချက်ယူရမယ်

လုံခြုံရေး အခြေအနေအရ အကာအကွယ်ပေးနိုင်ဖို့ အခုလို စီစဉ်ရတာလို့ ပြည်နယ်အစိုးရပြော

ဓာတ်ပုံ ရင်းမြစ်, Kayin State Government FB

ဓာတ်ပုံ ပုံစာ,

လုံခြုံရေး အခြေအနေအရ အကာအကွယ်ပေးနိုင်ဖို့ အခုလို စီစဉ်ရတာလို့ ပြည်နယ်အစိုးရပြော

ကရင်ပြည်နယ်က မွတ်ဆလင်တွေ ခရီးသွားလာ တဲ့အခါ အာဏာပိုင်တွေကို အကြောင်းကြားပြီးမှ သွားလာဖို့ ပြည်နယ် အစိုးရက ညွှန်ကြား ထားပါတယ်။

အခု ညွှန်ကြားချက်ကို စက်တင်ဘာ ၁၈ ရက်နေ့ကနေ စတင် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ပြည်နယ် အစိုးရကတော့ ဒါဟာ သူတို့ ပြည်နယ်တွေမှာ နေထိုင်တဲ့ အစ္စလာမ် ဘာသာဝင်တွေကို အကာအကွယ်ပေးဖို့နဲ့ တခြားနေရာတွေ ကနေ ဝင်လာမယ့် အဖျက်အမှောင့် လုပ်လိုသူ တွေရဲ့ ရန်ကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ကရင်ပြည်နယ် က မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်တဲ့ ပြည်နယ် သာသနာရေး တာဝန်ခံ ဦးမင်းတင်ဝင်းက ပြောပါတယ်။

မြို့နယ်အတွင်း ခရီး သွားလာမယ့် သူတွေ အနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေရဲ့ ထောက်ခံချက် ရယူရမှာဖြစ်ပြီး မြို့နယ် ကျော် ပြီးသွားမယ်ဆိုရင် မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ကို ရယူရမှာ ဖြစ်ပါတယ်။

ပြည်နယ်ကိုပါ ကျော်သွားမယ်ဆိုရင်တော့ ခရိုင် သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ ရယူကြရမှာ ဖြစ်ပါတယ်။

ကရင်ပြည်နယ် ပြင်ပကနေ ဝင်ရောက်လာတဲ့ အစ္စလာမ် ဘာသာဝင်တွေ ရှိတယ်ဆိုရင်လည်း သူတို့ ရောက်လာတဲ့ ရပ်ကွက်၊ ကျေးရွာက အုပ်ချုပ်ရေးမှူးတွေက သက်ဆိုင်ရာ အစိုးရ အဖွဲ့ကို အကြောင်းကြားရမှာ ဖြစ်တယ်လို့ ဦးမင်းတင်ဝင်းက ပြောပါတယ်။

ကရင်ပြည်နယ်က မြဝတီ နယ်စပ်နဲ့ နီးလို့ မြဝတီဘက်ကနေ အစ္စလာမ် ဘာသာဝင်တွေ ဝင်ရောက် လာတာမျိုး အရင်က တွေ့ခဲ့ဖူးတဲ့အတွက် အခုလို ညွှန်ကြားတာလို့လည်း သူက ဆိုပါတယ်။

အခုလို ညွှန်ကြားချက်ထုတ်လိုက်တဲ့အပေါ် လူ့အခွင့်အရေး ရှုထောင့်ကနေ ပြောဆို ဝေဖန် ကြတာတွေ ဖြစ်လာနိုင်တာ သိပေမဲ့ လူ့အခွင့်အရေး စံနှုန်းနဲ့ တိုင်းတာမှုက ကရင်ပြည်နယ်တွင်းက အစ္စလာမ် ဘာသာဝင်တွေရဲ့ လုံခြုံရေးကို ထိပါးမှာစိုးရိမ်လို့ အခုလို လုပ်ဆောင် ရတာလို့လည်း ဦးမင်းတင်ဝင်းက ပြောပါတယ်။