ရိုဟင်ဂျာ ဒုက္ခသည်အရေး လုံခြုံရေးကောင်စီ ဆွေးနွေး

Image caption ရိုဟင်ဂျာ ၄ သိန်းကျော် အစုလိုက် အပြုံလိုက် ထွက်ပြေး

မြန်မာနိုင်ငံတွင်းက သွေးထွက်သံယို အကြမ်းပတမ်း ဖြစ်ရပ်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်း စက်တင်ဘာ ၂၆ ရက် အင်္ဂါနေ့က တံခါးပိတ် ဆွေးနွေး ခဲ့ကြပါတယ်။

လာမယ့် ကြာသပတေးနေ့ စက်တင်ဘာ ၂၈ ရက်နေ့ကျရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ် ကိုယ်တိုင် လုံခြုံရေး ကောင်စီကို မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး လူသိရှင်ကြား စကား ပြောဆိုဖို့ ရှိပါတယ်။

မစ္စတာ ဂူတာရက်ရှ်ရဲ့ အဲဒီ မိန့်ခွန်း အကြို ပြင်ဆင်တဲ့ အနေနဲ့ ကုလသမဂ္ဂ နိုင်ငံရေး ဆိုင်ရာ အကြီးအကဲ ဂျက်ဖရီ ဖဲလ်ထ်မင်က လုံခြုံရေးကောင်စီကို စကားပြောခဲ့တာ ဖြစ်တယ် ဆိုပြီး သံတမန် သတင်းရပ်ကွက်က ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲ လူမျိုးရေး ရှင်းလင်းမှု အလုပ် ခံနေရတယ်လို့ ရှုတ်ချကြတဲ့ အထိ ဖြစ်ပေါ် နေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ၄ သိန်းကျော် အစုလိုက် အပြုံလိုက် ထွက်ပြေး ခဲ့ကြရတဲ့ ဖြစ်ရပ် အပေါ် ကုလသမဂ္ဂ အနေနဲ့ ရှေ့တိုး ဆောင်ရွက် မှာတွေနဲ့ ပတ်သက်ပြီး ပြောဆို ခဲ့တာ ဖြစ်တယ်လို့ နားလည် ရပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆိုစာ ထုတ်ပြန်တဲ့ လေဘာခေါင်းဆောင် ကိုဘင်

ဒီ အချိန်မှာပဲ ဗြိတိသျှ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျရမီကိုဘင်က ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ပစ်မှတ်ထား ကျုးလွန်တဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆိုစာ တစ်စောင် ထုတ်ပြန် လာပါတယ်။

ဘရိုက်တန်မြို့မှာ ကျင်းပမယ့် လေဘာပါတီရဲ့ နှစ်ပတ်လည် ညီလာခံမှာ ပေးမယ့် မစ္စတာ ကိုဘင်ရဲ့ မိန့်ခွန်းထဲမှာလည်း ရိုဟင်ဂျာတွေ ဒုက္ခရောက်နေတာ အင်မတန် တာရှည် လွန်းလှပြီ ဆိုတဲ့ စကားမျိုးကို ဒေါ်အောင်ဆန်းစုကြည် ကို တိုက်ရိုက် ရည်ရွယ် ပြောဆိုတာမျိုး ပြုလုပ် ဖို့ ရှိနေပါတယ်။

ဗြိတိသျှ လက်ရှိ အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်တဲ့ ဘောရစ်ဂျွန်ဆင်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကပဲ မြန်မာနိုင်ငံထဲ ဆိုးရွားတဲ့ အခြေအနေတွေကို ကုစား နိုင်စွမ်းရှိတယ် ဆိုတဲ့ ခေါင်းဆောင်မှုကို ပြသဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း ခဲ့ပါတယ်။

Image caption ဟိန္ဒူ ဘာသာဝင် အလောင်းတွေ အစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ ကျင်းတွေကို တွေ့ရှိ

မြန်မာ အာဏာပိုင်တွေကတော့ ရခိုင်ပြည်နယ်ထဲ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ ARSA ရဲ့ လက်ချက်နဲ့ ဩဂုတ်လ ၂၅ ရက်နောက်ပိုင်း အရပ်သားတွေ အပါအဝင် သေဆုံးသူ ၈၄ ယောက်၊ ပျောက်ဆုံး နေသူ ၅၄ ယောက် ရှိတယ် ဆိုပြီး ထုတ်ပြန်ထားပါတယ်။

၂ဝ၁၆ အောက်တိုဘာ လကတည်းက ဆိုရင် သေဆုံး/ပျောက်ဆုံး စာရင်းထဲ လူ ၂၅ဝ ကျော် ရှိနေတယ်လို့ ဆိုပြီး လတ်တလော မှာလည်း အာဆာတွေ သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ ဟိန္ဒူ ဘာသာဝင် အလောင်းတွေ အစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ ကျင်းတွေကို တွေ့ရှိကြောင်း အတည်ပြု ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ