ရခိုင်ဒေသ ပြဿနာကို အမေရိကန် အပြင်းအထန်ဝေဖန်

ဓာတ်ပုံ မူပိုင် Getty Images
Image caption လုံခြုံရေးကောင်စီ အစည်းအဝေး

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခကြောင့် ဒုက္ခသည် သိန်းချီ ထွက်ပြေးတဲ့အပေါ် လူ့အခွင့်အရေး ချိုးဖေါက်တာကို ဖေါ်ထုတ်အရေးယူဖို့နဲ့ စစ်တပ်က လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haleyက လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ဒီပြဿနာကို တာဝန်ယူ ဖြေရှင်းမှု မလုပ်မချင်း မြန်မာနိုင်ငံကို လက်နက်ရောင်းချနေတဲ့ နိုင်ငံတွေအနေနဲ့ လက်နက်တင်ပို့မှု ရပ်ဆိုင်းထားဖို့ အမေရိကန် သံအမတ်ကြီးက တိုက်တွန်းသွားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကနေ ဒုက္ခသည် အရေးပေါ် အခြေအနေနဲ့ လူ့အခွင့်အရေး ပြဿနာဆိုးကြီး တခုအဖြစ်ကို တမဟုတ်ချင်း ပြောင်းသွားခဲ့တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ရခိုင်ဒေသမှာ စစ်တပ်ရဲ့ စစ်ဆင်မှုတွေ အဆုံးသတ်ပေးဖို့ မြန်မာ အစိုးရကို မစ္စတာ ဂူတာရက်စ်က တိုက်တွန်းလိုက်ပါတယ်။

အဲဒီမှာ လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အကူအညီတွေ အမြန်ဆုံး ပေးပို့ခွင့် ပြုဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေချိန်မှာ လူမျိုးတုံး သတ်ဖြတ်တာမျိုး မဖြစ်အောင် အစွမ်းကုန် ကာကွယ်နေတယ်လို့ မြန်မာနိုင်ငံ အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ကပြောကြားပြီး စွပ်စွဲချက်တွေကိုပယ်ချခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ လက်ထောက် အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံကို လာရောက်ဖို့ အစိုးရက ဖိတ်ကြားကြောင်း ဦးသောင်းထွန်းက လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။