ဦးကိုနီလုပ်ကြံမှု အရေးကြီးတရားလိုပြ သက်သေကိုစစ်ဆေး

Image caption ဦးကိုနီ အသတ်ခံရမှု အတွက် ဖမ်းဆီးခံထားရသူ ကြည်လင်း

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို တစ်နှစ်နီးပါး ကြာ ကြိုတင်ကြံစည်ပြီး လုပ်ကြံ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အမှုနဲ့ ပတ်သက်ပြီး အရေးကြီး သက်သေ ဦးအောင်စိုးကို တရားလိုပြ သက်သေ အဖြစ် စက်တင်ဘာလ ၂၉ ရက်နေ့က ကြားနာ စစ်ဆေးခဲ့ ပါတယ်။

ဦးအောင်စိုးဟာ လုပ်ကြံသတ်ဖြတ် ခဲ့တယ်လို့ သံသယရှိတဲ့ တရားခံ ကြည်လင်း နဲ့ရော ဒီလုပ်ကြံမှုကို စေခိုင်းခဲ့ တယ်လို့ သံသယရှိတဲ့ ဦးအောင်ဝင်းဇော်တို့ နှစ်ယောက်စလုံးနဲ့ပါအတူအကျဉ်းကျခဲ့ဖူးသူဖြစ်ပါတယ်။

ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ရာမှာ ပါဝင်တယ်လို့ စွဲဆို ခံထားရတဲ့ ဦးအောင်ဝင်းဇော်က သူ ဦးအောင်စိုးနဲ့ တွေ့ဆုံ ခဲ့တယ်ဆိုတာ တရားခွင်မှာ ဝန်ခံခဲ့ ပေမဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာကိုတော့ ပြောဖို့ ငြင်းဆန်ခဲ့ ပါတယ်။

ဒါ့အပြင် ဦးအောင်စိုးက သူ့ကို ဦးကိုနီ လုပ်ကြံမခံရခင် ၆ လကျော် အချိန်က ဦးအောင်ဝင်းဇော်လာရောက် တွေ့ဆုံခဲ့ပြီး နိုင်ငံခြား သံတမန်တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ပေးဖို့ ငွေပေး စေခိုင်းခဲ့တာကို သူက လက်မခံခဲ့ဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ ပါတယ်။

ဦးကိုနီ လုပ်ကြံ ခံခဲ့ရမှုမှာ ကြည်လင်းရဲ့ မျက်နှာကို တွေ့လိုက်တာနဲ့ သူ့နောက်ကွယ်မှာ ဦးအောင်ဝင်းဇော် ရှိမယ်ဆိုတာ သူ အသေအချာ မှန်းဆနိုင်ကြောင်း လည်း ဦးအောင်စိုးကပြောပါတယ်။ သူတို့နှစ်ယောက်က မန္တလေး အကျဉ်းထောင်မှာ အတူနေ အတူစား သူငယ်ချင်းတွေဖြစ်လို့ လို့ ဆိုပါတယ်။

တရားခံရှေ့နေ ဦးအောင်ခိုင်ကတော့ သူ့အမှုသည် ဦးအောင်ဝင်းဇော်က သံတမန် တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ပေးဖို့ ငွေပေး စေခိုင်းခဲ့တယ်ဆိုတဲ့ အထောက် အထား အခိုင်အမာ ဦးအောင်စိုး ဘက်က မပြနိုင်ဘူးလို့ ပြောပါတယ်။

ဦးကိုနီအမှုမှာ ရှေ့နေအဖြစ်လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးနေလ ကတော့ ဦးအောင်စိုးရဲ့ ထွက်ဆိုချက်တွေဟာ အမှုအတွက် အလွန် အရေးပါတယ်လို့ ပြောပါတယ်။

ဦးကိုနီ လုပ်ကြံအသတ်ခံရမှုမှာ သေနတ်သမား ကြည်လင်းနဲ့ အတူ ပါဝင်ပတ်သက်တဲ့ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့ကို ရုံးတင်စစ်ဆေးနေတာ ၆ လကျော် ရှိနေပြီး အမှုနဲ့ ဆက်စပ်တဲ့ တရားလိုပြ သက်သေ အယောက် ၈၀ မှာ ၄၂ ယောက်ကို စစ်ဆေးထားပြီး ဖြစ်ပါတယ်။

အမှုမှာ အဓိက တရားလို့ ဆိုရမယ့် အောင်ဝင်းခိုင်ကိုတော့ ဖမ်းဝရမ်းထုတ် ရှာဖွေနေဆဲ ဖြစ်ပြီး လာမယ့် ရုံးချိန်းတွေမှာတော့ တရားခံပြေး ဦးအောင်ဝင်းခိုင်နဲ့ အမှုမှာ ပတ်သက်တဲ့ ဇေယျာဖြိုးတို့ ဆက်စပ်မှုတွေကို ဆက်လက်စစ်ဆေးဖို့ ရှိပါတယ်။