နိုင်ငံသားဖြစ်မှု စိစစ်ရေးလုပ်ငန်းစဉ် ပြန်စမယ်

ဓာတ်ပုံ မူပိုင် NYUNT WIN
Image caption NVC နိုင်ငံသားဖြစ်မှုစိစစ်ရေးကဒ်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်ဒီအစိုးရတက်လာပြီး ရက် ၁၀၀ စီမံကိန်းမှာကိုပဲ ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်တဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ NVC နိုင်ငံသားဖြစ်မှုစိစစ်ရေးကဒ် ထုတ်ပေးရေးလုပ်ငန်းကို စတင်ခဲ့ပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်ဆလင်အများစုက ဒီလုပ်ငန်းစဉ်ကို လက်မခံတဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။ အစ္စလာမ်ဘာသာဝင် တသန်းကျော်ရှိတဲ့ မောင်တောခရိုင်ထဲမှာ NVC ကဒ် လုပ်တဲ့လူက တစ်သောင်းမပြည့်ခဲ့ပါဘူး။

ဒါပေမဲ့လည်း ရခိုင်အရေးနဲ့ပတ်သက်လို့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်ထွက်ပြီးတဲ့ နောက်မှာ ဒီလုပ်ငန်းစဉ်ကို ပြန်စဖို့ စတင်ဆောင်ရွက်နေပြီလို့ တာဝန်ရှိသူတွေကပြောပါတယ်။

ရခိုင်ပြည်နယ်အရေး အကြံပြုချက်တွေကို အကောင်အထည်ဖော်ရေး ကော်မတီရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဝန်ကြီးဌာနအများစုက အမြဲတမ်း အတွင်းဝန်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နယ်မြေအခြေအနေတွေကို သွားရောက်လေ့လာခဲ့ ကြပြီး ဒီလုပ်ငန်းပြန်လည်စတင်ဖို့လုပ်ဆောင်လာတာပါ။

NVC ကဒ်ထုတ်ပေးတဲ့ လုပ်ငန်းကို အရင်က လက်မခံခဲ့ကြတဲ့ ဒေသနေ မွတ်ဆလင်တွေအနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း အခုအခါ ဒီကဒ်ဟာ သူတို့ မြန်မာနိုင်ငံထဲမှာ တရားဝင်ရောက်ရှိနေတယ်ဆိုတဲ့ အထောက်အထား စာရွက်ဖြစ်တယ် ဆိုတာကို သဘောပေါက် လက်ခံလာကြပြီလို့ ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ်က ပြန်လာတဲ့ အလုပ်သမား လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ နိုင်ငံသားစိစစ်တဲ့လုပ်ငန်းကို လုပ်ကိုင်ဖို့ပါတဲ့ အတွက်လည်း ဒီလုပ်ငန်းကို ဦးစားပေးလုပ်ငန်းအဖြစ် လုပ်ကိုင်တာဖြစ်ပါတယ်။

ဒေသခံတွေက NVC ကဒ်ထုတ်ပေးတဲ့လုပ်ငန်းကို လက်ခံလာလို့ ပြန်လည်လုပ်ဆောင်တယ်ဆိုပေမဲ့ ဒေသခံတချို့ ကတော့ သူတို့အနေနဲ့ နိုင်ငံသားအဖြစ် ရွေးကောက်ပွဲတွေမှာ မဲတောင် ထည့်ခဲ့ပြီးဖြစ်လို့ အခုလို NVC ကဒ်ကို လက်မခံလိုဘူး၊ ဒါပေမယ့် အစိုးရက အတင်းအကျပ်လုပ်ခိုင်းရင် လက်ခံရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီနိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့လူတွေကို ပြန်လည်လက်ခံတဲ့အခါမှာလဲ လုပ်ဆောင်မှာဖြစ်ပါတယ်။