ရခိုင်မှာဆူပူအောင်လှုံ့ဆော်မှုနဲ့ မကွေးမှာတရားစွဲထား

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption တောင်တွင်းကြီးမြို့က ဆူပူမှုမှာတော့ မြို့ခံတွေ ပါဝင်

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ငွေပေးပြီး ဆူပူမှုဖြစ်အောင် လှုံ့ဆော် စည်းရုံးခဲ့တယ်ဆိုပြီး မကွေးမြို့ခံတဦးကို မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ညွှန်ကြားရေးမှူးတဦးက တရားလိုအနေနဲ့ တရားစွဲထားတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဘီဘီစီကို ပြောပါတယ်။

စည်းရုံးခံရသူတွေရဲ့ သတင်းပေး ပြောကြားချက်ကို သူ့ရဲ့ အိမ်မှာပဲ အသံဖမ်း ရယူပြီး မကွေးခရိုင် တရားရုံးမှာ တရားစွဲထားတာ ဖြစ်ပေမယ့် တရားရုံးလျှောက်လဲချက်ထဲမှာ ပါဝင်တဲ့ အသေးစိတ် အချက်တွေကိုတော့ မှတ်ချက် မပေးလိုဘူးလို့ ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

အခုလို စည်းရုံးသူက သူ့ဘက်မှာ ငွေအင်အား၊ လက်နက်နဲ့ စစ်တပ်ရှိပြီးသား ဖြစ်လို့ လိုနေတဲ့ အာဏာအတွက် ဆူပူ လှုံ့ဆော်မှု လုပ်ဖို့ တဦးကို ကျပ်ငွေ ငါးသိန်းပေး စည်းရုံးခဲ့တာ ဖြစ်ပြီး ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ ဘင်္ဂါလီ တသန်းလောက် နေရာချမယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်နေတဲ့အတွက် ဒေသတွင်း တည်ငြိမ်ဖို့နဲ့ တရားဥပဒေ စိုးမိုးဖို့ အခုလို ဆောင်ရွက်ရတာလို့ သူကပြောပါတယ်။

မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညက ဖြစ်ခဲ့တဲ့ ဆူပူအောင် လှုံ့ဆော်မှုတွေမှာတော့ ဒေသခံတွေ ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ်က ပဋိပက္ခတွေကို မခံချင်တဲ့အတွက် လုပ်ခဲ့ကြလို့ သိရကြောင်း ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

အဲဒီ တောင်တွင်းကြီး ဆူပူမှုကြောင့် မွတ်စလင်နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ပြီး ထောက်ပံ့ငွေ ကျပ် သိန်း ၈၀ ကျော် ပေးအပ်ထားတယ်လို့လည်း ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ