ဒုက္ခသည် ပြန်လက်ခံရေး ၂ နိုင်ငံ ပူးတွဲ လုပ်ငန်းအဖွဲ့ ထားရှိမယ်

Image caption ဒါကာမှာ ဝန်ကြီးနှစ်ယောက် တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် အိုးအိမ်စွန့်ခွာ ထွက်ပြေး လာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ မြန်မာပြည်ဘက် ပြန်နိုင်ရေးမှာ ကြီးကြပ်ဖို့ အတွက် နှစ်နိုင်ငံ ပူးတွဲ လုပ်ငန်းအဖွဲ့ တစ်ရပ် ထူထောင် ထားရှိဖို့ မြန်မာဘက်က သဘောတူလိုက်တယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

နှစ်နိုင်ငံ ဝန်ကြီး အဆင့် အရာရှိတွေ တွေ့ဆုံကြအပြီး အဲဒီလို ပူးတွဲ အဖွဲ့အစည်း ထားရှိမယ် ဆိုတဲ့ အချက် ထွက်ပေါ် လာတာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီး ဦးကျော်တင့်ဆွေဟာ ဒါကာမြို့မှာ အောက်တိုဘာ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အေ အိတ်ချ် မာမွတ်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

အဲဒီ သဘောတူမှုနဲ့ ပတ်သက်ပြီး မြန်မာ အာဏာပိုင်တွေ ထံကတော့ သဘောထား မှတ်ချက် တစုံတရာ ထွက်လာတာမျိုး မရှိသေးပါဘူး။

ဒီလုပ်ငန်းအဖွဲ့ အနေနဲ့ ဘာတွေ လုပ်ဆောင်မယ် ဆိုတာမျိုး၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ အနေနဲ့ မြန်မာနိုင်ငံဘက် ပြန်လိုစိတ် ရှိလား ဆိုတာမျိုး အသေးစိတ် အချက်အလက်တွေလည်း အခုအချိန်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရခိုင်ပြည်နယ် မြောက်ပိုင်း သွေးထွက်သံယို အကြမ်းပတမ်း ဖြစ်ရပ်တွေ ပေါ်ပေါက်လာပြန် အပြီး၊ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ရေး လုပ်ဆောင်မှု တွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် ထွက်ပြေး ခဲ့ကြပါတယ်။

ဩဂုတ်လ နှောင်းပိုင်းကစလို့ အခု လက်ရှိ အချိန်ထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ရောက်လာတဲ့ ရိုဟင်ဂျာ အရေအတွက် သန်းတစ်ဝက် (၅ သိန်း ၀န်းကျင်) ရှိပါတယ်။

Image caption ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့